Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၂

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးရာတွင် ယခင်ကကဲ့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရယူနေရခြင်းကဲ့သို့ သမားရိုးကျ နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသည့် နည်းပညာအသုံးပြု ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး တီထွင်ကြံဆ ကြိုးပမ်းဆောင်ရွက်ရေးနှင့် သက်ဆိုင်သည့် ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား သည်။

အစည်းအဝေးသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများက အစိုးရဌာန၊ အဖွဲ့အစည်းများ အလိုက် စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးရာတွင်လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးနေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံသားများအပေါ် အကျိုးပြုနိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ သွင်းကုန်အစားထိုးနိုင်မှု၊ နိုင်ငံခြားဝင်ငွေ ရရှိမှုတို့ကို ဦးတည်၍ ပြုပြင်ပြောင်းလဲမှုများနှင့် ဖြေလျှော့ ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးကြသည်။

(သတင်းစဉ်)