Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဒီဇင်ဘာ   ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တောင်ပေါ်ဒေသ  လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ B.0.T စနစ်ဖြင့် ဆောင်ရွက်သော မိတ္ထီလာ - တောင်ကြီး ကျိုင်းတုံ-တာချီလိတ်လမ်း (မိတ္ထီလာ-တောင်ကြီး)အပိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (မိတ္ထီလာတောင်ကြီး)အပိုင်း မိုင်တိုင်အမှတ် (၆၂/ ၂ နှင့် ၆၂/ ၃)အကြား နှစ်ထပ်လမ်းကွေ့နေရာတွင် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ Mini Bored Pile တူး၍ မြေကာနံရံတည်ဆောက်ပြီး လမ်းသားချဲ့ထွင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ခရီးသွားပြည်သူများ လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် လုပ်ငန်းများ သတ်မှတ်ချိန်အမီ စံချိန်စံညွှန်း ပြည့်မီစွာပြီးစီးရေး အတွက် အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့တွင်းလမ်းဖြစ်သည့် စစ်ဦးစီးတက္ကသိုလ် အဝင်လမ်းအား မူလကျောက်ကတ္တရာလမ်း ၁၂ ပေမှ ကတ္တရာကွန်ကရစ် AC လမ်း ၁၈ ပေအဖြစ် တိုးချဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းက ကလောမြို့ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့အား ကတ္တရာထပ်ပိုးလွှာ ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးသည် ကလောမြို့ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့၏ လမ်းအခြေအနေနှင့် ထပ်ပိုးလွှာဆောင်ရွက်မည့် အခြေအနေတို့ကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်