Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံနှုတ်ဆက်

ရန်ကုန်    ဒီဇင်ဘာ   ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု “တူယှဉ်နွှဲပျော် ဂီတပွဲတော်" သီချင်းဆိုပြိုင်ပွဲ အုပ်စု (ဂ) တွင် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ကိုးဦးအား တွေ့ဆုံနှုတ်ဆက်သည်။

ဂုဏ်သိက္ခာရှိစွာ ကြိုးစားယှဉ်ပြိုင် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အထူးအစီအစဉ်တစ်ခု ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော် တေးသီချင်းသီဆိုပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ကြည်ရင်းနှီးမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ စိတ်မွန်းကြပ်မှုများကို ပြေပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပဖျော်ဖြေပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲဖြစ်သည့် အတွက် ပြိုင်ပွဲတွင် မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် ဖော်ထုတ် ယှဉ်ပြိုင်ကြရန်၊ ပြိုင်ပွဲ၏ အနှစ်သာရကို မပျောက်ပျက်စေဘဲ ပြိုင်ပွဲဝင်များအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ကြိုးစားယှဉ်ပြိုင် ကြစေလိုပါကြောင်း မှာကြားသည်။

အကြိုလေ့ကျင့်သီဆိုနေမှုကို ကြည့်ရှုအားပေး ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (ဘီ) နှင့် စတူဒီယို (ဒီ) တို့၌ ဒီဇင်ဘာ ၂၄ ရက်(သောကြာနေ့) တွင် ပြဋ္ဌာန်းတေးသီချင်းများ သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ အကြိုလေ့ကျင့် သီဆိုနေမှုကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို (အေ) ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူလူထုကို မီဒီယာနည်းလမ်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူကို အလုပ်အကျွေးပြုလျက်ရှိသည့် နိုင်ငံတော်အတွက် အရေးပါသောဌာနတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အမှန်တရားကို ဖော်ဆောင်နေခြင်းဖြစ်၍ နုပျိုသစ်လွင်သော ဌာနတစ်ခုအဖြစ်ပြောင်းလဲ ဆောင်ရွက်နေပါ ကြောင်း၊ လုပ်ချင်သည်ထက် လုပ်သင့်သည်ကို၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ထမ်းများအနေဖြင့် တာဝန်ကို ထမ်းဆောင်ရာတွင် လေးနက်သော အတွေးအခေါ်များဖြင့် ထမ်းဆောင်ကြစေလိုပါကြောင်း၊ မိမိဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများအပေါ် လေးစားအသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် လုံခြုံရေးအထူးဂရုပြုကြရန်နှင့် လုပ်ငန်းများ အောင်မြင်ပြီး တိုးတက်သော ဌာနကြီးတစ်ခု ဖြစ်လာရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားသည်။

သတင်းစဉ်