Skip to main content

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို အခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၂၁

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့ တိုင်းရင်းသားများသည် တစ်ဦးအပေါ် တစ်ဦးမေတ္တာပြပြီး အေးအတူပူအမျှ စည်းစည်းလုံးလုံးဖြင့် ကမ္ဘာကြီးငြိမ်းချမ်း စေရန် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင် ကြစေလိုပါကြောင်း၊ တိုင်းပြည်ကြီးငြိမ်းချမ်းမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေရေး ပြေလည်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မေတ္တာရှေ့ထားပြီး ကမ္ဘာမြေကြီး ငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင် ကြစေလိုပါကြောင်း၊ မေတ္တာပေးပြီး မေတ္တာပြန်ယူ ကြစေလိုပါကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ လောကီသားအားလုံး မေတ္တာ၊ ကရုဏာထားနိုင် ပါစေကြောင်းဖြင့် ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာပေါ်တွင် ခရစ်ယာန် ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဟူ၍  ဘာသာကြီး  (၄) မျိုး ရှိပြီး     ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် ကိုးကွယ်မှု  ရာခိုင်နှုန်း အများဆုံးဖြစ်ပါကြောင်း၊ မည်သည့် ဘာသာဖြစ်စေ ကောင်းမွန်သောအဆုံးအမများကို လက်ခံပြီး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် ဗြဟ္မစိုရ်တရား (၄)ပါးနှင့်အညီ နေထိုင်ကျင့်သုံးကြစေ လိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများ၊ တိုင်းရင်းသားတေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)