Skip to main content

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကျင်းပ

နေပြည်တော်    ဒီဇင်ဘာ   ၂၁

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေး‌နွေးမှုများကို မကြာမီ စတင်တော့မည်ဖြစ်၍ အာဆီယံသာမက မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်းများရရှိအောင် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ဘာသာရပ် အလိုက် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာတွင် နိုင်ငံတကာ သဘောတူညီချက်များ၊ မိမိနိုင်ငံ၏ ဥပဒေများကို ကြေညက်ပိုင်နိုင် ကျွမ်းကျင်သူများကိုသာ တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း  ယနေ့ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း စတင်မည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ဆွေးနွေးညှိနှိုင်းရာတွင် မြန်မာနိုင်ငံက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်၍ ယခုချုပ်ဆိုမည့် ကဏ္ဍစုံလွှမ်းခြုံသော လွတ်လပ်သောကုန်သွယ်မှု ဒေသ သဘောတူစာချုပ်(အက်ဖ်တီအေ)သည် အာဆီယံနှင့်ချုပ်ဆိုသည့် အက်ဖ်တီအေ စာချုပ်များအနက် အရည်အသွေးမြင့် စာချုပ်တစ်ခုဖြစ်ရန် မျှော်လင့်ထားကြောင်း၊  နိုင်ငံတကာ ဆွေးနွေးသည့် လုပ်ငန်းစဉ်ဖြစ်၍ စာချုပ်တွင် ညှိနှိုင်းဆွေးနွေးသူများကို တာဝန်ပေးအပ်ရာတွင် ဘာသာရပ် ကျွမ်းကျင်မှုအပြင် သင့်လျော်သည့်ရာထူးရှိသူများကို တာဝန်ပေးရန် လိုအပ် ကြောင်း၊ မိမိနိုင်ငံ၏ ပို့ကုန်များ စျေးကွက်ရရှိရေး ၊  အရည်အသွေးမြင့်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးတို့ကို ဦးစားပေး ညှိနှိုင်းဆွေးနွေးရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့ မထိခိုက်စေရေးအတွက် လိုအပ်သလို ကာကွယ်နိုင် မည့်အစီအမံများကိုလည်း နိုင်ငံ၏တည်ဆဲဥပဒေ၊ မိမိနိုင်ငံက သဘောတူလက်မှတ် ရေးထိုးထားသည့် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် အညီရပ်တည်ဆွေးနွေးရန် လိုအပ်ကြောင်း။

စေ့စပ်ညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းတွင် စတင်ပြီး (၂) နှစ်တာ ကာလအတွင်း အပြီးသတ် ညှိနှိုင်းရန် လျာထားသည့်အတွက် ဆွေးနွေးစဉ် ကာလတစ်လျှောက်လုံး မူဝါဒခံယူရန် ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်ချက်များ၊ နည်းပညာအထောက်အပံ့ လိုအပ်ချက်များ အတွက် အချိန်နှင့်တပြေးညီ တင်ပြရန်လိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များကိုဦးဆောင်ညှိနှိုင်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အတွက် ညှိနှိုင်းထားရှိသည့် ကိုးကားစာတမ်းတွင် ပါဝင်သည့် နယ်ပယ်များကိုလည်းကောင်း၊ ယင်းစာတမ်းနှင့်စပ်လျဉ်း၍  နှစ်ဖက်သဘောတူညီမှု ရရှိရန် ညှိနှိုင်းဆွေးနွေးခဲ့ သည့် အခြေအနေများကိုလည်းကောင်း၊  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည့်ကိစ္စများနှင့် ၂၀၂၂ ခုနှစ်အတွင်း စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်မည့် လုပ်ငန်းများ၏ အစီအစဉ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကိုယ်စား ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာဌာနများက မိမိတို့ ဘာသာရပ်အလိုက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ် ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တို့က  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ကနေဒါနိုင်ငံသည် ၁၉၇၇ ခုနှစ်တွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံ တစ်ခုအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်နိုင်ရန် အတွက် လေ့လာမှုများကို ၂၀၁၆ ခုနှစ်မှ စ၍ စတင်ညှိနှိုင်းဆွေးနွေးခဲ့ရာ  ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် တရားဝင် ညှိနှိုင်းဆွေးနွေးမှု စတင်ရန်  ကြေညာခဲ့သည်။  ကနေဒါသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ များထဲတွင် အဋ္ဌမမြောက် အဆင့်ရှိပြီး၊ အာဆီယံတွင် ဆဋ္ဌမအဆင့်တွင်ရှိသည်။

အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ရပ်တည်လျက်ရှိပြီး၊ ကနေဒါမှာ အာဆီယံ၏ (၁၅) နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိ ရှိခဲ့ကြောင်းသိရပြီး၊ ကနေဒါနိုင်ငံမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိ၍ အာဆီယံ၏ ကနေဒါနိုင်ငံတွင် သွားရောက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရှိကြောင်း လေ့လာ သိရှိရသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများထဲတွင် အဆင့် (၂၆) တွင် ရှိပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိ ပါသည်။ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၅၈ သန်းရှိပြီး၊  မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် အဆင့် (၁၆) တွင်ရှိပါသည်။

အာဆီယံနှင့် အရှေ့အာရှ စီးပွားရေး သုတေသနအဖွဲ့နှင့် ကနေဒါကမ္ဘာ့ရေးရာအဖွဲ့တို့၏ လေ့လာသုံးသပ်ချက်အရ လည်းကောင်း၊ နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူများ၏ သုံးသပ်မှုများ အရလည်းကောင်း အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ များတွင် ပိုမို အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် တွင်ပါဝင်မည့် နယ်ပယ်များနှင့်သက်ဆိုင်သည့်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

(သတင်းစဉ်)