Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကျောက်ဖြူ၊ အမ်း၊သံတွဲမြို့တို့ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော်    ဒီဇင်ဘာ    ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော် သွားမည့်အခြေအနေနှင့် အဆိုပါလုပ်ငန်း များအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ကျရာနေရာမှ ပါဝင်နိုင်ရေး တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် တက်ကြွဂုဏ်ယူစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမ်းမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များ အပေါ်လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ အိမ်တွင်းမှု အတတ်ပညာများ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သံတွဲမြို့သိုရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း ဆောက်လုပ်မည့် မြေနေရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှုးရုံး ဆောက်လုပ်မည့် မြေနေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သံတွဲခရိုင်ဦးစီးမှူးရုံး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)