Skip to main content

လူ့စွမ်းအားအရင်းအမြစ် ဆိုသည်မှာ

• ၂၁ ရာစုဟာ ယှဉ်ပြိုင်မှုကြီးမားတဲ့ခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်း။ စီမံ ခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်းအား နည်းနေခြင်း။

• ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံအင်အားတောင့်တင်းဖို့ အလယ်အလတ်တန်းစား ဝင်ငွေထက်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ ပြည်သူတို့ဟာ တက္ကသိုလ်ကောလိပ်တို့နဲ့ နိုင်ငံရဲ့ အရင်းအမြစ်များအဖြစ် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ခံယူရပါလိမ့်မယ်။

• တကယ့်ကို ကျွမ်းကျင်မှုဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်များကသာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ်ထွန်းမှု၊ လူ့ဘောင်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုနိုင်မှာ ဖြစ်ပါလိမ့်မယ် ဆိုတဲ့ အချက်များနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။

၁၉၆၅ ခုနှစ် အောက်တိုဘာလထဲမှာ ရန်ကုန် အင်တာဗျူးကအပြန် အညာပြန်ရောက်တော့ ကျွန်တော့်အဖေက ဖောင်တော်သီ၊ ဒိုက်ဦး စပါးတွေ ဘယ်လိုနေလဲ” လို့ မေးပါတယ်။ သတိ မထားမိကြောင်း ရိုးသားစွာဝန်ခံခဲ့ပါတယ်။ တကယ်တော့ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းကြီးတွေက စပါးကောင်း၊ ဆန်ကောင်းတွေကို တစ်နိုင်ငံလုံး နီးပါးအတွက် ထုတ်ပေးနိုင်တဲ့အပြင် ကမ္ဘာကိုလည်း ဆန်တင်ပို့နိုင်ခဲ့ပါတယ်။ မိသားစုအတွက် အဖေဟာ ကောင်းပေ့ဆိုတဲ့ဆန်ကို အောက်ပြည်အောက်ရွာ က ၀ယ်ကျွေးခဲ့ပါတယ်။ ဆယ်နှစ်လောက်အတွင်းမှာ အကြောင်းတရားအမျိုးမျိုးကြောင့် အထွက်တိုး ရာကျော်စပါးမျိုးတွေနဲ့ ရှိရင်းစွဲစပါးနေရာမှာ အစား ထိုးခဲ့ပါတယ်။ ဓာတုဗေဒရှုထောင့်ကကြည့်ရင် ဒီရာကျော်စပါးတွေမှာ Amylose နဲ့ Vitamin and Lysine တွေ နည်းပါတယ်။ Amylopectin များပါတယ်။ အဲဒီရဆန်ကို ထမင်းဖြစ်ဖို့ ချက်ရတဲ့ အချိန်တွေ ကြာပါတယ်။ ထင်း၊ မီးသွေး၊ လောင်စာ တွေပို၍ကုန်ခဲ့ပါတယ်။ စိုက်ပျိုးရေးမှာပင် နည်းပညာမြင့် ကျွမ်းကျင်လူ့စွမ်းအား ရှားပါးနေခြင်းကြောင့် အရည်အသွေးမီ သီးနှံထွက်မှုမှာ နိမ့်ကျလျက် ရှိနေပါတယ်။ မြန်မာ့စီးပွားရေးဟာ စိုက်ပျိုးရေး အပေါ်မှာ အကြီးအကျယ်အမှီပြုနေရဆဲ ဖြစ်ပါတယ်။

ဆန်တန်ချိန်အများဆုံးတင်ပို့

အေဒီ ၁၇၅၂ ခုနှစ်မှာ အလောင်းမင်းတရားကြီး က ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့ပါတယ်။ စပါးဆန်ရေပေါများအောင် ဆောင်ရွက်ခဲ့ပါတယ်။ စည်းလုံးညီညွတ်မှု ရှိခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာဟာ ဆန်တန်ချိန် ၆ဒသမ ၄သန်းထွက်ရှိတော့ ကမ္ဘာကို ဆန်တန်ချိန်အများဆုံး တင်ပို့ရောင်းချတဲ့ စံချိန်ကို တင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ဟာ ကျွန်တော်တို့ စံချိန်မမီခဲ့ပါဘူး။ ၁၉၇၀၁၉၈၀ နှစ်များမှာ ကျွန်တော်တို့မြန်မာတွေဟာ ရာကျော်စပါးတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လှိုင်းဂယက်တွေထဲမှာ တဝဲလည်လည် ဖြစ်ခဲ့ရပါတယ်။ မြန်မာ့ဆန်ဈေးကွက်လည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံအင်အားတောင့်တင်းဖို့ အလယ်အလတ်တန်းစား ဝင်ငွေထက်မြင့်တဲ့နိုင်ငံ ဖြစ်ဖို့ မြန်မာ့လယ်သမား အင်အားစု လူ့စွမ်းအားအရင်းအမြစ်ကို အဖိုးတန်သည်ထက်တန်အောင် အထူးစဉ်းစားကြရပါလိမ့်မယ်။

၁၉၉၅-၁၉၉၆ ခုနှစ်လောက်က ထိုင်းဘုရင်မင်းမြတ်ဟာ ထိုင်းတောင်သူလယ်သမားတွေရဲ့ ပညာရေး အဆင့်အတန်းကို ဖော်ထုတ်စေတဲ့အခါ ပျမ်းမျှ မူလတန်းအဆင့်သာရှိကြောင်းသိတော့ စိုက်ပျိုးရေး စွမ်းအားစု ပင်မတောင်သူလယ်သမားတွေရဲ့ ပညာရေးကို မြှင့်တင်ပေးခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ မြေနဲ့ရေမှာ အချဉ်ဓာတ်ကို တိုင်းတဲ့ pH (ပီအိတ်) မီတာကလည်း ဝယ်နိုင်လာတော့ လယ်သမားဟာ ပီအိတ် မီတာကို ခါးကြား ထိုး၊ ပီအိတ်တိုင်း၊ သူ့ရဲ့မြေဟာ ပီအိတ် ၅ ဖြစ်ရင် အာလူးစိုက်ရမှန်းသိတယ်။ ပီအိတ် ၆ ဆိုရင် မြေပဲနဲ့ ဂေါ်ဖီစိုက်ရမှန်းသိလာတဲ့ အဆင့်ရောက်လာပါ တယ်။ ထိုင်းနိုင်ငံ မူလတန်းကလေးတွေဟာ၊ လယ်ယာမြေတွေမှာ ပဲပင်တွေနဲ့ ဝါ၊ နှမ်း၊ စပါး၊ အလှည့်ကျ စိုက်ပျိုးနိုင်ကြောင်း အသိရှိသွားအောင် လယ်ယာစိုက်ပျိုးစွမ်းအားစု အရင်းအမြစ်ကို ထူထောင်ပေးခဲ့ပါတယ်။ ။

ကျွန်တော်တို့ ရှမ်းကုန်းပြင်မြင့်ဟာ Limestone မြေ ကယ်လ်စီယံကာဗွန်နိတ်များတဲ့ မြေဆိုတော့ စပျစ်သီး၊ ပန်းသီး၊ ဆီးသီး၊ စတော်ဘယ်ရီသီးတွေ ဖြစ်ထွန်းပါတယ်။ ဂျုံနဲ့ စပါးစိုက်မယ်ဆိုရင် ပီအိတ် ၇.၆ - ၈.၄ နဲ့ ကိုက်ညီမယ့်စပါးမျိုးကို စိုက်ရမယ် ဆိုတဲ့အသိရှိဖို့ လိုပါတယ်။ ရှမ်းပြည်နယ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လို့ အက်စစ်မိုး “Acid Rain” ရွာမယ်ဆိုရင်တောင် ကယ်လ်စီယံကာဗွန်နိတ်များတဲ့ မြေဆိုတော့ ခံနိုင်ရည်ရှိကြောင်းသိရင်ကိုပဲ အကျိုးဖြစ်ထွန်းလှပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမိုးနီးယား ထုတ်နိုင်တော့ ယူရီးယားထုတ်၊ နိုက်ထရိတ်ထုတ်၊ အမိုး နီယမ်ဆာလ်ဖိတ်လည်း ထုတ်နိုင်ပြီး တောင်သူ လယ်သမားတွေ လယ်ယာမှာသုံးနိုင်တော့ ဂျုံ၊ စပါးတွေ အထွက်တိုးပြီလို့ ပြောနိုင်ပါတော့တယ်။

စက်မှုခေတ်ကို တက်လှမ်းခဲ့

ရာစုနှစ် နှစ်ခု၊ နှစ်ပေါင်း နှစ်ရာကျော်ကြာ အမေရိကန်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ရဲ့ တက္ကသိုလ်နဲ့ကောလိပ်များဟာ နိုင်ငံရဲ့ တိုးတက်မှုအတွက် ကြိုးစားခဲ့ပါ တယ်။ ၁၈၉၀ပြည့်နှစ်မှာ အမေရိကန်တို့ဟာ စက်မှုလယ်ယာကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကနောင်မင်းသားကြီးဟာ စက်မှုခေတ်ကို တက်လှမ်းခဲ့ပေမယ့် အားပေးထောက်ခံမှု နည်းခဲ့ပါတယ်။ နန်းတွင်းအရေးတွေကြောင့် လမ်း ခုလတ်မှာ နည်းပညာအမြော်အမြင်နဲ့ အသက်ပါ ပေးလိုက်ရပါတယ်။

သံသေရင်တစ်ပြည်

ကျွန်တော် ပါရဂူဘွဲ့ရလို့ ရွာအိမ်ရောက်တော့ အစ်ကိုက မျှော်လင့်တကြီးနဲ့ “သံထုတ်နိုင်ပြီလား။ သံထုတ်တဲ့ ပညာရခဲ့လား” လို့မေးတဲ့ မေးခွန်းဟာ တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။ တစ်တိုင်းပြည် လုံးဟာ “သံသေရင်တစ်ပြည်ဝ” တယ်ဆိုတာ သိတော့ အစ်ကိုမေးတဲ့မေးခွန်းဟာ တရားပါတယ်။ ငယ်စဉ်က သင်ခဲ့ရတဲ့ ဓာတုဗေဒပြဋ္ဌာန်းစာအုပ် တွေကို အလေးအနက်ထားပြီး လှန်လှောကြည့်တဲ့ အခါ သံရဲ့ ဂုဏ်သတ္တိ၊ သံဒြပ်ပေါင်းတွေအကြောင်း တစ်ထောကြီးရေးတာ တွေ့ရပါတယ်။ တက္ကသိုလ် ရောက်တာတောင် သံထုတ်လုပ်ဖို့ အဓိကကုန်ကြမ်း သုံးမျိုး (Heamatite, Limestone and Coke) အပူပေးတော့ ပြိုကွဲပြောင်းလဲပုံ အဆင့်ဆင့်တို့ကို စာအုပ်ပေါင်းများစွာဖတ်မှ သိရမယ့်ခေတ်နဲ့ ကြုံခဲ့ရ ပါတယ်။ ။

ဘီစီ ၅၁၂ ခုနှစ်မှာ တရုတ်က သံကျွတ် (Cast Iron) ကို ထုတ်လုပ်သုံးနေခဲ့ပါပြီ။ Blast Furnace ရဲ့ ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကန် တို့ဟာ တစ်ပြည်လုံးဝအောင် သံထုတ်ဖို့ကြိုးစားခဲ့ ပါတယ်။ ရထားလမ်းတွေ၊ အင်ဂျင်စက်တွေ၊ တံတား ကြီးတွေဟာ သံနဲ့မကင်းပါဘူး။ ရှင်းပါတယ်။ တရိပ်ရိပ် စက်မှုထွန်းကားလာတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဟာ စက်ရုံအလုပ်ရုံများမှာ ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ ဈေးကလည်းသက်သာ၊ ပစ္စည်းတွေကလည်း သေသပ်လှပပြီး လူကြိုက် များခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရမီက တည်ဆောက်ခဲ့တဲ့ ဂုတ်ထိပ်တံတားအတွက် အမေရိကန် နိုင်ငံ ပင်စီဗေးနီးယားပြည်နယ်က ထုတ်တဲ့သံကို သုံးခဲ့ပါတယ်။ ဂုတ်ထိပ်တံတားကြီးကို မေရီလန်း တံတားတည်ဆောက်ရေးကုမ္ပဏီက ၂၈-၄-၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ ၁-၁-၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ တံတားအမြင့် ၃၃၅ ပေ။ အလျား ပေ ၂၂၆၀ သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း ဆယ်သိန်းကျော် သုံးထားခဲ့ကြောင်း၊ ထိုတံတားတန်ဖိုးမှာ အိန္ဒိယရူပီးငွေ ဆယ့်ခြောက် သိန်းကိုးသောင်း ရှစ်ထောင်နှစ်ရာဖြစ်ကြောင်း၊ သံမဏိတိုင် ၁၆ တိုင်ဖြင့် ထောက်ပံ့တည်ဆောက် ထားကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ်မှာ Heamatite ရှိပါတယ်၊ Limestone ရှိပါတယ်။ အရည်အသွေးမမြင့်သော်လည်း Coke (Coal) ရှိပါတယ်။ ဒီကုန်ကြမ်းသုံးမျိုးက သံထုတ်လုပ်နိုင်ပေမယ့် လွတ်လပ်ရေးမရမီက ယနေ့အထိ မြန်မာတို့မှာ သံထုတ်လုပ်တဲ့စက်ရုံ မည်မည်ရရ မရှိတာ တွေ့ရပါတယ်။ နိုင်ငံရဲ့ အရင်းအမြစ်များအဖြစ် စစ်ကိုင်းတံတား၊ ဧရာဝတီ (ရတနာပုံ) တံတား၊ အင်းဝတံတား၊ ပခုက္ကူတံတား စသည်ဖြင့် မြစ်ကူး တံတားပေါင်း ၁၀၀ ကျော်ကျော်ကို ၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစုအစပိုင်းအထိ တည်ဆောက်ရာမှာ သံ။ သံမဏိတို့ကို အဓိကထားသုံးခဲ့ရာ ပြည်ပမှဝယ်ယူရသည်သာ များခဲ့ပါတယ်။ နည်းပညာရဖို့ ကိုယ်တိုင် လုပ်ရပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်ထုတ်လုပ်မှု၊ မြေပေါ်မြေအောက်သယံဇာတ ထုတ်လုပ်မှုအပေါ်မှာ တည်နေဆဲဖြစ်ပါတယ်။ သယံဇာတမျိုးစုံကို တန်ဖိုးမြှင့်မလုပ်နိုင်သေးဘဲ ထုခွဲရောင်းချရတဲ့အပေါ် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ယနေ့အထိ မူတည်နေဆဲဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်သို့ ရောက်ဖို့ဆိုရင် ထိုသူမှာ -

• ကုန်ထုတ်လုပ်ငန်းကတောင်းဆိုတဲ့ အရည်အသွေးအမျိုးအစား ရှိရပါမယ်။

• နိုင်ငံသားတစ်ယောက်မှာရှိရမယ့် လိုအပ်တဲ့ အရည်အသွေး ရှိရပါမယ်။

• နိုင်ငံသားတိုင်းကို အဖိုးတန်တဲ့အရင်းအနှီး အဖြစ်မှတ်ယူပြီး အရည်အချင်းရှိအောင် အရည်အသွေး တောက်ပြောင်လာအောင် ပညာရေးက လုပ်ပေးနိုင်မှုအပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာနိုင်ပါတယ်။

 

၂၁ ရာစုနှစ်ဟာ ယှဉ်ပြိုင်ရတဲ့ ရာစုဖြစ်လာပါတယ်။ ဒီလိုယှဉ်ပြိုင်နိုင်တဲ့ စွမ်းပကားကို ဘယ်မှာ ရနိုင်သလဲဆိုရင် ပညာရေးမှာပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ ပညာရေးရဲ့ဗဟိုချက်မဟာ ကျောင်းသူ ကျောင်းသား လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း မျှော်လင့်ချက်ကြီးမားစွာနဲ့ ကျောင်းကိုပို့၊ တက္ကသိုလ်ကို ပို့ကြတာဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက မျိုးဆက်သစ်လူငယ် ထုရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့ အနာဂတ်မျှော်မှန်းချက်တွေ၊ နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အဓိကအခန်း ကဏ္ဍက တာဝန်ယူနေသူဟာ ဆရာများ၊ ကထိက နဲ့ ပါမောက္ခများ ဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ် တွေက ပါမောက္ခ၊ ဌာနမှူးကြီးတွေရဲ့ တာဝန်တွေ ဟာ ပြောင်းလဲလာတဲ့ တောင်းဆိုမှုတွေအရ ပို၍ ကြီးမားလာပါတယ်။ သင်ကြားရေးသုတေသနနဲ့ ထပ်ဆင့်တီထွင်မှုတွေကို ပို၍ဦးစားပေးလုပ်လာ ကြရပါတယ်။ ကထိကတွေ၊ ပါမောက္ခတွေနဲ့ မဟာဌာနမှူးတွေက မျိုးဆက်သစ်လူငယ်တွေ အပေါ်မှာထားတဲ့ စေတနာဟာ အလုပ်တစ်ခုခု ရရှိသွားစေဖို့လောက် မျှော်မှန်းချက်မဟုတ်ဘဲ သူတို့ကို စီးပွားရေးဖွံ့ဖြိုးဖို့၊ လူမှုဘဝ သာယာဝပြော ဖို့၊ နည်းပညာမြင့်မားရေးနဲ့ ဝန်ဆောင်မှုကိုမြှင့်တင် ပေးရေးသို့ ပြောင်းလဲသွားအောင် ဒေသအသီးသီးရဲ့ ပလက်ဖောင်းသစ်ပေါ်သို့ တင်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုထူထောင်ခြင်းအားဖြင့် ဒေသအလိုက် လူ့စွမ်းအားအရင်းအမြစ်တွေ ဆတက်ထမ်းပိုး ပေါ်လာမှာဖြစ်ပါတယ်။ တက္ကသိုလ်တည်ရှိရာဒေသ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေးတွေကို မွေးထုတ် ပေးကြရမှာ ဖြစ်ပါတယ်။ တကယ့်ကို မြင့်မြင့်မားမား ပညာတတ်မှ တကယ့်ကို ကျွမ်းကျင်မှု ဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်များကသာ ဆက်လက် ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ်ထွန်း၊ လူ့ဘောင်ရဲ့ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။ ပညာခေတ်မှာ စာမသင် ပညာမသင်လို့ကတော့ ယှဉ်ပြိုင်နိုင်မှာမဟုတ် ဆိုတာ ပြောဖွယ်ရာ မလိုတော့ပြီ။

ကြွယ်ဝမှုမျိုးစုံဟာ တစ်ပုံတစ်ခေါင်းကြီး

ဒီဆောင်းပါးဟာ ပို၍ရှည်ရှည်ရေးမှ ပြည့်ပြည့်စုံစုံဖြစ်မှာမို့ ကမ္ဘာမှာ ဖွံ့ဖြိုးလာခဲ့တဲ့ တက္ကသိုလ် ဓာတုဗေဒပညာရဲ့ သမိုင်းကြောင်းကို ပြန်ကောက်ပြီး ရေးသားဆွေးနွေးချင်ပါတယ်။ ဒီနေ့ထိ မြန်မာ့ မြေပေါ်မှာကြွယ်ဝမှုမျိုးစုံဟာ တစ်ပုံတစ်ခေါင်းကြီး ရှိနေတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံကြီးနှစ်နိုင်ငံမှာရှိလို့ အချက်အချာလည်း ကျ၊ သယံဇာတလည်းကြွယ်ဝဆိုပြီး ငြိမ်နေရုံနဲ့ ဘာမှဖြစ်မလာပါဘူး။ သဘာဝအရင်းအမြစ်ကိုလည်း အားကိုး၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ လုံ့လဝီရိယလည်းပါ၊ ပညာအမြော်အမြင်နဲ့ ပေါင်းစပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာနဲ့ တွဲသုံးလိုက်ရင် ဧကန်မုချ ဖွံ့ဖြိုးတိုးတက်ချမ်းသာလာမယ်လို့ ဆိုချင်ပါတယ်။

ရေနံကဲ့သို့သော အရည်ဒြပ်ပေါင်းတွေကို သန့်စင်နိုင်ဖို့ ခွဲထုတ်သန့်စင်နည်းဟာ သာမန် သဘောတရားကို အခြေခံတာဖြစ်ပါတယ်။ သို့သော် ဒီနည်းကို ကောင်းကောင်းအသုံးချပြီး Petroleum Industry ကိုထောင်၊ ကြီးပွားချမ်းသာတဲ့ ဂျပန်၊ မန်ချူးရီးယားက အသက် ၂၂ နှစ်အရွယ်ရှိ Akiyoshi Tamaki အကြောင်းကို ပြောပြဆွေးနွေးချင်ပါတယ်။ သူဟာ ကျူရှူးအင်ပီရီရယ်တက္ကသိုလ်မှာ ပညာ သင်ယူစဉ် အလွန်လှပချောမွေ့ပြီး ရေမွှေးကြိုက်နှစ် သက်သူ မိန်းကလေးနဲ့ ရည်ငံခဲ့ပါတယ်။ ဒါကို အကြောင်းပြုပြီး အသုံးချဓာတုဗေဒဘာသာရပ်ကို ပြောင်းရွှေ့ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။  ဓာတုဗေဒပညာရပ်ထဲမှာ ရေမွှေးထုတ်မယ်ဆိုရင် အပူချိန်နိမ့်၊ ဖိအားနိမ့်သန့်စင်နိုင်ဖို့ ခွဲထုတ် သန့်စင်နည်း “Fractional Distillation” နည်းကို သုံးမှဖြစ်မယ်ဆိုတာသိခဲ့ပုံပဲ။ ၁၉၃၇-၁၉၄၀ ခုနှစ် များမှာ Akiyoshi Tamaki ဟာ အမေရိကကို သွားရောက်ပညာဆည်းပူးခဲ့ပါတယ်။ ဂျပန် ပြန်ရောက်တော့ Petroleum Industry ထောင်ခဲ့တာ ကမ္ဘာမှာ သူ့ရဲ့ လုပ်ငန်းဟာ နံပါတ် ၂ အဆင့် ထိရောက်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံရဲ့ အခြေခံဓာတုဗေဒ ပြဋ္ဌာန်းစာအုပ်တွေမှာ Petroleum Refinery စက်ရုံကြီးတွေရဲ့ ဓာတ်ပုံကြီးတွေနဲ့ပြပြီး သင်ကြားပို့ချပါတယ်။ ဒီနိုင်ငံတွေက လူငယ်ကျောင်းသားတွေဟာ ဘာကို အလေးထား သင်ယူရမယ်ဆိုတာ တွေ့ရပါတယ်။ ရေပြဿနာရှိတဲ့ စင်ကာပူဟာ ရေရှားပါးမှုကာကွယ် နိုင်ဖို့ ရေကိုခြိုးခြံချွေတာသုံးစွဲဖို့၊ ပိုးမွှားဗက်တီး ရီးယားကင်းစင်အောင် Reverse Osmosis နည်း တွေတောင် ထည့်သင်ပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ ရေသန့်ထုတ်မယ့်အစီအစဉ်ကို ကလေးငယ်တွေ ကြိုသိနေအောင် ပြဋ္ဌာန်းစာအုပ်တွေမှာ အလေးထားပြဋ္ဌာန်းထားပါတယ်။ ဗက်တီးရီးယားပိုးမွှားကို သန့်စင်အောင် ကလိုရင်းကိုသုံးရင် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေရှိတာကြောင့် Reverse Osmosis ကိုသုံးနိုင်ကြောင်း သင်ခန်းစာထဲမှာ ထည့်သွင်းထားတော့ ဗက်တီးရီးယားကို ဖယ်နိုင်ကြောင်း ကလေးငယ်တွေ သိသွားပြီဖြစ်ပါတယ်။

ပညာတွေကို နည်းမျိုးစုံနဲ့ပေးခဲ့ရမှာ

၁၉၇၄-၁၉၇၅ လောက်က မျက်မြင်ကိုယ်တွေ့ မဟုတ်သော်လည်း သတင်းစာကသိရတဲ့ အတွေ့အကြုံ တစ်ခုဖြစ်ပါတယ်။ ကြည့်မြင်တိုင်ကမ်းနား သင်္ဘောဆိပ်တစ်ဝိုက်ကျောက်မီးသွေးပုံ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ကျောက်မီးသွေးမီးလောင်ရင် မီးငြိမ်းရန် ခက်ပါတယ်။ ကျောက်မီးသွေးတုံးများကို ရှစ်ပေထက်မြင့်ပြီးပုံရင် မီးလောင်တတ်တယ်ဆိုတာ မသိလိုက်လို့ ဖြစ်ပါတယ်။ သင်္ဘောကျင်းဝန်ထမ်း တွေ၊ အလုပ်သမားတွေမှာ အပြစ်မရှိပါဘူး။ ဓာတု ဗေဒဆရာတွေ၊ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ အဆင့်ဆင့်မှာ သိရမယ့်ကိစ္စ၊ ပညာတွေကို နည်းမျိုးစုံနဲ့ ပေးခဲ့ရမှာဖြစ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

၁၈၂၀ ပြည့်နှစ်က Scotland Kilmarnock ရွာလေးမှာ John Walker & Sons က ဝီစကီ (whisky) ကို ချက်လုပ်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ လည်း သူ့နည်းသူ့ဟန်နဲ့ ဒီလုပ်ငန်းမျိုးရှိခဲ့ပါတယ်။ တကယ်တော့ John Walker & Sons ဝီစကီလုပ်ငန်းဟာ ကြီးမားတဲ့ မီလီယံပေါင်းများစွာရရှိတဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ GDP မှာ သူက အခရာဖြစ်နေပါတယ်။ သူ့မိသားစုအကြောင်း ကောင်းကောင်းမသိပေမယ့် ဓာတုဗေဒပညာရပ်ကို ကောင်းကောင်းနားလည်သူတွေ ပါဝင်ခဲ့မှာဖြစ်ပါ တယ်။ အရည်အသွေးကောင်းဖို့၊ ဝက်သစ်ချစည် (Oak Barel) ထဲ အပူချိန်ဘယ်လောက်မှာ ၈ နှစ်၊ ၁၂ နှစ်၊ ၁၆ နှစ် စသည်ဖြင့် သိုလှောင်ထားပြီး ကမ္ဘာကို အဆက်မပြတ် တင်ပို့နိုင်တဲ့လုပ်ငန်း၊ ဒီလုပ်ငန်း အောင်မြင်ရတဲ့ကိစ္စများမှာ ဓာတုဗေဒဟာ ပင်မ ဖြစ်ခဲ့ပါတယ်။

အရက်ချက်တဲ့အဆင့်မှာပဲ ကျေနပ်ခဲ့ကြ

ဦးပိန်တံတား စတင်တည်ဆောက်တဲ့အချိန် မှာပင် မြန်မာမှာ ထန်းရည်ကိုချက်ခဲ့တော့ ဦးပိန်ဟာ ဓာတုဗေဒပညာကို သိပုံပေါ်ပါတယ်။ ဘာကြောင့်လဲ။ မြေကြီးထဲကရေဟာ ထန်းပင်ပေါ်ထိ ရောက်သွားတယ်။ အဲဒီထန်းရည်ဟာ အသန့်ဆုံးဖြစ်ပါတယ်။ ဦးပိန်ဟာ ခေတ်သစ် ဓာတုဗေဒကို မသင်ရတာ သေချာပါတယ်။ သို့သော် ထန်းပင်ပေါ်ကရတဲ့ အရည်ဟာ Frutose, Glucose တွေပါတော့ အချိုအရသာနဲ့ အားရှိမှန်းသိပုံရပါတယ်။ ဒီနေ့ပညာရှင်တွေဟာ ထန်းရည်က  ထန်းလျက်ချက်တာ သိတယ် နားလည်တယ်။ သို့သော် ဒါကိုအကြောင်းပြုပြီး သဲကြီးမဲကြီး သုတေသန ပြုလုပ်တာ မရှိခဲ့ပါဘူး။ ထန်းရည်က ထန်းလျက်၊ ထန်းလျက်က အရက်ချက်တဲ့အဆင့်မှာပဲ ကျေနပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထန်းလျက်က ချောကလက်ဖြစ်အောင် တီထွင် ဖန်တီးဆန်းသစ်နိုင်တဲ့ ပညာရပ်တွေ မရှိခဲ့ပါဘူး။ ထန်းလျက်က အရက်ဖြစ်တာချင်းအတူတူ ကမ္ဘာ ကို စီးပွားဖြစ်မတင်ပို့နိုင်ပြန်ဘူး။ မြန်မာ့ထန်းရည် ဟာ ယနေ့ထိ ထန်းရည်ဟာထန်းရည်ပါပဲ၊ ကမ္ဘာကို ဖြန့်ဖို့ကိစ္စ မလွယ်လှပါဘူး။ ဘက်ပေါင်းစုံ စီမံခန့်ခွဲ နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အားနည်းနေခြင်းကြောင့်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်။

သိပ္ပံနဲ့နည်းပညာဟာ ဓနဥစ္စာဖြစ်တယ်ဆိုတာကို ထောက်ပြနိုင်တာကတော့ ပြင်သစ်ကထုတ်တဲ့ ရှန်ပိန်နဲ့ ကော့ညက်တွေ၊ ဝိုင်တွေ၊ ရေမွှေးတွေပဲ။ ပြင်သစ်က ရေမွှေးနဲ့ဝိုင်၊ စကော့တလန်က ဝီစကီ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ ဓာတုဗေဒပညာရပ်ကို လိုက်စားပြီး ဖွံ့ဖြိုးလာတဲ့ ဧရာမစီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ရေမွှေး၊ ဝိုင် ထုတ်လုပ်မှုကြောင့် ဒီနေ့ထိ ချမ်းသာပါတယ်။ တကယ်တမ်းစစ်ကြည့်ရင် ဒီပစ္စည်းတွေရဲ့ ဇာစ်မြစ်ကတောထဲက လယ်တောထဲကပဲ လာပါတယ်။ မိုးပေါ်က ကျမလာဘူး။ ရှေးနှစ်ပေါင်းများစွာကတည်းက နည်းပညာတွေ၊ လုပ်ငန်းရှင်တွေဟာ သုတေသနကို စနစ်တကျ လုပ်လာလို့ တောထဲကလာတဲ့ပစ္စည်းတွေနဲ့ ပဲရစ်မြို့တော်ကြီး ကြွယ်ဝချမ်းသာလာတာ ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်များမှာ ဓာတုဗေဒသုတေသီများဟာ Dupont ကုမ္ပဏီမှာ အလုပ်လုပ်ရင်း Feron-12 ကို ထုတ်လုပ်ခဲ့ပါတယ်။ CFCs လို့ ခေါ်ပါတယ်။ ရေခဲသေတ္တာနဲ့ အအေးခန်းကြီး၊ အင်ဂျင်စက်ကြီးတွေ အေးအောင်ပြုလုပ်နိုင်တဲ့ ဂုဏ်ထူးဝိသေသ ရှိပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ အမိုးနီးယား နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ဟာ အန္တရာယ်ရှိတဲ့ အတွက် ၎င်းတို့နေရာမှာ CFCs နဲ့ အစားထိုးနိုင်ခဲ့ပါ တယ်။ CFCs ထုတ်တဲ့လုပ်ငန်းဟာ Delaware ပြည်နယ်က ရွာတွေထိကြီးထွားခဲ့ပါတယ်။ ကျေးရွာ သာသာရှိတဲ့ Atlanta, Dallas တို့ဟာ စည်ကားခဲ့ပါတယ်။

အလွန် အလျဉ်းသင့်တဲ့ ကိုယ်တွေ့ အတွေ့အကြုံ တစ်ခုကိုလည်း ဒီမှာတင်ပြချင်ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လထဲမှာ ဆီကွန်ဒါ (SECONDA) လက်ပတ်နာရီကို နိုင်ငံခြားခရီးစဉ်လေယာဉ်ပေါ်မှာ ဝယ်ခဲ့ပါတယ်။ နာရီနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဖတ်ကြည့်ပါတယ်။

• ဒီနာရီမှာ အသုံးပြုတဲ့ သံမဏိ (Stainless steel) ကို တရုတ်မှာ ထုတ်ပါတယ်။

• နာရီ လက်တံကအစ အရေးကြီးတဲ့ အတွင်း ပိုင်းပစ္စည်းများကို အဲဒီသံမဏိနဲ့ ဂျပန်က ထုတ်ပါတယ်။ တရုတ်က တပ်ဆင်ပြန်ပါ တယ်။ စာမှာကို Assemble in China လို့ ရေးထားပါတယ်။

• ဒီနာရီကို အင်္ဂလန်က ဖြန့်ပါတယ်။ ထိုင်းလေကြောင်းလိုင်းမှာ ကျွန်တော် ဝယ်ခဲ့ပါတယ်။ နိုင်ငံအချင်းချင်း နည်းပညာစီးပွားရေးအရ ဆက်ဆံဆောင်ရွက်မှုတွေဟာ များပြား ရှုပ်ထွေးသည့်တိုင် အထိုင်ကျနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှုကိုရရှိမည့် သင်ယူမှုကို တိုးမြှင့်ရပါလိမ့်မယ်။ နည်း ပညာရဖို့ ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။

ကောင်းပါပြီ။ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

လူသားကောင်းကျိုးအတွက် အသုံးချ

သိပ္ပံနဲ့နည်းပညာဟာ ဒီနေ့လူ့အဖွဲ့အစည်းအတွက် အင်အားကြီးမားစွာ ဖန်တီးပေးနေပါတယ်။ သိပ္ပံနဲ့နည်းပညာနယ်ပယ်ထဲက လေ့လာမှုရလဒ်တွေကြောင့် သုတေသနတွေကြောင့် ထွန်းကားလာ မှုဟာ လူသားကောင်းကျိုးအတွက် အသုံးချနိုင်မှုတွေ ရရှိတာဖြစ်ပါတယ်။ ။

မြန်မာနိုင်ငံ တက္ကသိုလ်တွေဟာ တီထွင်ဖန်တီး ဆန်းသစ်နိုင်တဲ့ ပညာရပ်တွေကို တက္ကသိုလ်မှာ ရှာဖွေကြပြီး ကိုယ့်ဒေသ လူသားအရင်းအမြစ်ရဲ့ အရည်အသွေး၊ အရည်အချင်း၊ ကြံရည်ဖန်ရည်။ စွမ်းဆောင်ရည်၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာ တရားတွေကို တိုးတက်ပွားများအောင်ဆောင်ကြဉ်း ပေးခြင်းဖြင့် အေးချမ်းသာယာတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားတင်ပြအပ်ပါတယ်။ ။

ဒေါက်တာမောင်ကျော် ပါမော္ခချုပ်(ငြိမ်း)