တွံတေး နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်း ပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေမျာကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်သွားမည် ဖြစ်ကြောင်း ဒီနှစ်မှာ ပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဉ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာပါဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို ရွှေဆံတော်စေတီတော်ရဲ့ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကို ဒီနှစ်မှာ မကျင်းပနိုင်ပေမယ့် ဒီနှစ်မှာ ရှေးစဉ်လာမပျက် ပြန်လည်ပြီး ရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားမှာ ဖြစ်ပါတယ်။ တန်ဆောင်းမုန်း လဆန်း ၁၄ ရက်နေလည်၁နာရီတွင် မသိုးသင်္ကန်း စတင်ရက်လုပ်မှာဖြစ်ပြီး တန်ဆောင်းမုန်းလပြည့်နေ့ နံနက် အရုဏ်မတက်မီ အချိန်မှာ ကပ်လှူပူ ဇော်သွားမှာ ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်ဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်ပြိုင်ပူဇော်လာတာ (၁၂၆)ကြိမ် ရှိလာကာ မသိုးသင်္ကန်းရက် လုပ်ပူဇော်ပွဲအား တန်ဆောင်းမုန်းလဆန်း ၁၄ ရက်နေ့တွင် ရက်ကန်းစင် ၉ စင်ဖြင့် ကျင်းပပြုလုပ်လေ့ရှိပြီး မြို့နယ်အတွင်းရှိ ရှမ်းစုကြီး နှစ်စင်၊ ညောင်တံခါးနှစ်စင်၊ ငါးခုမ်းမစမ်းတစ်စင်၊ ရွှေဆံတော်တစ်စင်၊ ကျုံးကြီးတစ်စင်၊ စျေးသစ်တစ်စင်၊ ကွမ်းခြံတစ်စင် စသည့် ရှမ်းလေးရွာမှ လှပျိုဖြူ အမျိုးသမီးပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့၉ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ရက်လုပ် ပူဇော်လေ့ရှိကြောင်း သိရှိရသည်။
ယခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရက်ကန်းစင်ခြောက်စင်ဖြစ်သော ဝိသာခါ၊ ယသော်ဓယာ၊ အမရာ၊ ဂေါတမီ၊ သုဇာတ၊ မဒီဒေဝီ စင်တော်ခြောက်စင်တို့မှ ရှေးစဉ်လာမပျက် မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ ဂေါပကတစ်ဦးထံမှ သိရှိရသည်။
မြို့နယ် ပြန်/ဆက်