Skip to main content

ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်မှုဖြစ်ပွား

ရေစကြို နိုဝင်ဘာ ၁၄

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့လည် ၁၃ နာရီ အချိန်ခန့်က ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာ နေရာသို့ ရေစကြိုမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် များ ဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ- နွားထိန်းကျေးရွာ- စဉ့်ကိုင်ကျေးရွာ- ချစ်သူကျေးရွာ-ပခန်းငယ် ကျေးရွာသို့ တောလမ်းအတိုင်း ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာ သွားခဲ့ပြီး အလားတူ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများသည် မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ-နွားထိန်းကျေးရွာ-စဉ့်ကိုင်ကျေးရွာ သို့ရောက်ရှိပြီး ခြေလျင်ချီတက်ထွက်ခွာသွားစဉ် ကျေးရွာအထွက် (၅)ဖာလုံခန့်အကွာ မြေသားလမ်းပေါ်အရောက် လမ်း၏ယာဘက် (၅)ပေခန့် အကွာတွင် ရီမုမိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး မျက်နှာပါးပြင် နှစ်ဖက်နှင့် အပေါ်နှုတ်ခမ်းတို့တွင် ပွန်းပဲ့ဒဏ်ရာ (၁)ချက်စီ၊ ဝဲလက်ခုံစုတ်ပြတ်၊ ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ (၁)ချက်နှင့် ဝဲခြေသလုံး မိုင်းစထိမှန် ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းနေရာနှင့် ပေ(၃၀)ခန့်အကွာတွင် ရီမုမိုင်း(၁)လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး လူ/ယာဉ်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ပခန်းငယ်ရဲစခန်းသို့ PDF များ ထပ်မံလာရောက် တိုက်ခိုက်မှုမရှိစေရေး ရဲကင်းစခန်း၏ ပတ်လည်တွင် ခံတပ်များဖြင့် အသင့်နေရာယူ စိုးမိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PDF အင်အား(၇၀)ဦးခန့်သည် ပခန်းငယ်ရဲစခန်းသို့ မောင်းပြန်/လက်လုပ်သေနပ်များဖြင့် အဆက် မပြတ် ပစ်ခတ်ခြင်း၊ လက်လုပ်ဗုံး(၄)လုံးတို့ဖြင့် ပစ်ပေါက်တိုက်ခိုက်ပြီး လက်နက်ပစ္စည်းများ ယူဆောင်သွားကြောင်းနှင့် ရဲကင်းစခန်းအဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရေစကြို ပြန်/ဆက်