မန္တလေး နိုဝင်ဘာ ၁၂
မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြောကြား
တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်ပေးနေသော ပညာရေးကဏ္ဍမှာ အရေးကြီးကြောင်း၊ အနန္တအနန္တဂိုဏ်းဝင် မြတ်ဆရာများအဖြစ် တာဝန် ထမ်းဆောင်ရသည့်အတွက် တန်ဖိုးကြီးမားကြောင်း၊ သို့ဖြစ်၍ ဆရာ့ကျင့်ဝတ်များကို လိုက်နာကာ နည်းမှန်လမ်းမှန်ဖြင့် ပညာတတ်ကျောင်းသား ကျောင်းသူများကို သင်ကြားမွေးထုတ်ပေးရန်နှင့် နေရာမှန်ကန်ရွေးချယ် အသုံးပြုတတ်ရန်လိုကြောင်း၊ ဆရာ ဆရာမတို့ သင်ကြားပေးသည့် ကျောင်းသားကျောင်းသူများသည် တိုင်းပြည်၏ အနာဂတ် တိုင်းပြည်၏စွမ်းအားရှင်များ၊ တိုင်းပြည် ကို ပုံဖော်ထုဆစ်မည့် ဗိသုကာလောင်းများဖြစ်သည့်အတွက် ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ မိမိကျွမ်းကျင်ရာပညာနယ်ပယ် အတွင်း၌သာမက နိုင်ငံတကာပညာများကိုပါ စဉ်ဆက်မပြတ်လေ့လာကာ မိမိကိုယ်တိုင် ထူးချွန် ထက်မြက်နေအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပညာတတ်များကို မွေးထုတ်သောနိုင်ငံသည် အခြားသောနိုင်ငံများထက် တိုးတက်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းကောင်းများဖြစ်ရန်အတွက် ကျောင်းနေအရွယ်မှစ၍ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စည်းကမ်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများရှိရန် သွန်သင်လေ့ကျင့်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းအေး၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်သန္တာစိုး၊ မန္တလေး နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးအေးမူ၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ စုယဉ်ဝင်း၊ မန္တလေးအဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန္ဒာခါ တို့က မိမိတို့၏ တက္ကသိုလ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က တက္ကသိုလ်ငါးခုအတွက် ချီးမြှင့်ငွေကျပ် ၁၅ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်