Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အာဆီယံ- ဂျပန်ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- ကိုရီးယားပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့်ဆွေးနွေးဘက် နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့ကျင်းပသော အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေးနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်း အဝေးများသို့ အဆိုပါ ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

(၁၉) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားကြသည်။ ယင်းနောက် အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးစီမံကိန်းများအပေါ် အကောင်အထည် ဖော်နိုင်မှုများ၊ အခြေခံအဆောက်အအုံနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး က အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အစားအသောက်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် သယ်ယူပို့ဆောင်သိုလှောင်ရာ၌ စံညွှန်းသတ်မှတ်ရေးကို ဂျပန်နိုင်ငံက ကူညီရေးဆွဲပေးမှု၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးတွင် ICT နည်းပညာ တိုးမြှင့်အသုံးချရေးကိစ္စနှင့် နှစ်နိုင်ငံ အစီအစဉ်အရ ဂျပန်-မြန်မာ ပို့ဆောင်ရေးပူး ပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

ဆက်လက်၍ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၁- ၂၀၂၅) ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီး က ကိုရီးယားနိုင်ငံက အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံအကြား ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးရေး အတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမှုများကို ဆွေးနွေးပြောကြားပြီး လေကြောင်းကဏ္ဍ ဆက်သွယ်မှုများ မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံက ဦးဆောင်ညှိနှိုင်းလျက်ရှိသော အာဆီယံ- ကိုရီးယား လေကြောင်းသဘောတူစာချုပ် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရန်များကို ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ သယ်ယူပို့ဆောင်ရေးကဏ္ဍ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုင်ငံအလိုက် ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲထားသည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ရထားလမ်းအဆင့်မြှင့်တင်မှု၊ ဆိပ်ကမ်းများ တည်ဆောက်မှု၊ လေဆိပ်အဆင့်မြှင့်တင် တည်ဆောက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က အများပြည်သူပို့ဆောင်ရေးသည် အရေးပါသည့်အလျောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ပြည်သူများ၏ လူမှုစီးပွားဆိုးကျိုးများ လျော့ပါးစေရေးကို ရည်မှန်း၍ နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြု ရေး၊ ကိုယ်ပိုင်ယာဉ်များအစား အများပြည်သူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)