Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းနှင့်စက်မှုဇုန်အပြင်ရှိ စက်ရုံအလုပ်ရုံ များလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်   အောက်တိုဘာ   ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီလီမိတက် ပလတ်စတစ်စက်ရုံ၊ MAYLP Agiriculture Co.,Ltd စပါး အခြောက်ခံ စက်လုပ်ငန်း၊ မြန်မာရွှေ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီလီမိတက် ပလတ်စတစ်စက်ရုံမှ စက်ရုံပိုင်ရှင် ဒေါ်နှင်းဝေဝေအောင်က စက်ရုံအတွင်း ပလတ်စတစ် ရေသန့်ဘူးခွံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် နှာခေါင်းစည်း (Mask) များပေးအပ် ကာစက်ရုံလည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် MAYLP Agiriculture Co.,Ltd စပါးအခြောက်ခံစက်လုပ်ငန်းသို့ရောက်ရှိရာ General Manager ဒေါ်နန်းထက်ထက်လှိုင်က ကန်ထရိုက်လယ်ယာစနစ်ဖြင့် အရည်အသွေးမြင့် စပ်မျိုးစပါးများ၊ Quality Fragrance Rice စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် စပါးအခြောက်ခံ ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများကို ဆန်အရည်အသွေးမြင့်မားပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စိုက်ပျိုးနည်း စနစ်များနှင့် မျိုးစပါးများကို ဖြန့်ဖြူးပေးစေလိုကြောင်း၊ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေရန်အတွက် စိုက်ပျိုးရေးပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း မှာကြားပြီး နှာခေါင်းစည်း (Mask) များပေးအပ်ကာ စက်ရုံလည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာရွှေသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံမှ စက်ရုံပိုင်ရှင် ဦးတင်ချိုက သရက် (အခြောက်၊ ပျဉ်၊ အနှစ်)၊ ငှက်ပျောကြော်၊ နာနတ် (အခြောက်၊စည်သွတ်)၊ ပဲစည်သွတ်ဘူးများ၊  အခြားသစ်သီးများနှင့် မျှစ်ခြောက်၊ မျှစ်စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချနေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိရေးနှင့် အရည်အသွေးပြည့်မှီ သည့်စားသောက်ကုန်များထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေများရရှိအောင် ဆောင်ရွက်စေလို ကြောင်းမှာကြားပြီး နှာခေါင်းစည်း (Mask) များပေးအပ်ကာ စက်ရုံလည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)