မြန်မာ့ပင်လယ်ပြင်ပိုင်နက်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေပေါ် ရေအောက်သယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ မြောက်ဘက်ဆုံး နတ်မြစ်ဝမှတောင်ဘက်ဆုံး ဘုရင့်နောင် အငူထိပ်အထိ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၁၂၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင် ထားသည့် မြန်မာနိုင်ငံအဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ အင်အားတစ်ရပ်မှာ ရှိသင့်ရှိထိုက်သည့်၊ ရှိနေရမည့် လိုအပ်ချက်ပင်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ပင် ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် ရေပိုင်နက်ပိုင်ဆိုင်ထားကြသည့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့များကိုရေယာဉ်ကြီး၊ လတ်၊ ငယ်များ ရာနှင့်ချီ၍ ဖွဲ့စည်းထားရှိကြသည်ကို တွေ့နိုင်သည်။ ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံအများစုတွင်လည်း ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့များ ဖွဲ့စည်းထားကြသည်ကို တွေ့ရှိနိုင်သည်။ မြန်မာ နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့ မပေါ်ပေါက်မီ တပ်မတော်(ရေ)က နိုင်ငံ့ရေပိုင်နက်ပင်လယ်ပြင် လုံခြုံရေးအပြင် ယခု ဖွဲ့စည်းလိုက်သည့် ကမ်းခြေစောင့်တပ်ဖွဲ့က ထမ်းဆောင်မည့် တာဝန်များကိုပါ ပူးတွဲဆောင်ရွက်ခဲ့ရပြီး ကုန်းတွင်းပိုင်း မြစ်ချောင်းများ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ရေကြောင်းရဲတပ်ဖွဲ့က ထမ်းဆောင် ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအားကာဂန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော် မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော် (ရေ) အား အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ရာ ရည်မှန်းချက် တာဝန်များ ပြည့်မြောက် အောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဆက်လက်၍ အင်အားတိုးချဲ့ တည်ဆောက်သွားရမည်သာဖြစ်သည်။
မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy) တစ်နည်းအားဖြင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်း (BlueEconomy) များဖြစ်သည့် ရေကြောင်းခရီးသွားလုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများ လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ် ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင် ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးနှင့် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ယနေ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ကမ်းခြေစောင့်တပ်ဖွဲ့ ထမ်းဆောင်ရမည့် တာဝန်များမှာ ပင်လယ်ပြင် နှင့်အမျှ များပြားကျယ်ဝန်းလှသည်ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံတော်၏အကျိုးစီးပွား၊ ပြည်သူလူထု၏အကျိုးစီးပွားများအတွက် နိုင်ငံတော်၏ လိုအပ်ချက် နှင့်အညီ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပေးနိုင်ခဲ့ပြီဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ရည်မှန်းချက် တာဝန်များကို ထင်ဟပ်သည့် "Guard, Protect and Save Our Sea" "စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်” ဟူသော တပ်ဖွဲ့၏
ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် ကာဂန်များကို ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်သွားမည့် မြန်မာ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဂုဏ်ပြုအပ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်