နေပြည်တော် အောက်တိုဘာ (၁)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)၊ မလွှကုန်းဘူတာယာဒ်ဝန်း၊ ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ (အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ကို သွားရောက် ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း) အလုပ်ရုံ ရှင်းလင်းဆောင် ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့မီးရထား ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံလုပ်ငန်းဆိုင်ရာများကို ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး အထွေထွေမန်နေဂျာ(မြို့ပြ)က မြန်မာမီးရထား ပြတိုက်ဆောက်လု်ပရန် လျာထားသည့် မြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တံတားဘောင်အလုပ်ရုံ(မလွှကုန်း) လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် မြန်မာ့မီးရထားပြတိုက်ဆောက်လုပ်မည့် လျာထားမြေနေရာ(၃)ခုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမဆောင်တွင် အထွေထွေမန်နေဂျာ(စက်မှုနှင့်လျှပ်စစ်)က စက်ရုံ၏ လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ(ဆေး) က မြန်မာ့မီးရထား ဆေးရုံ (အင်းစိန်)၏ လုပ်ငန်းများဆောင်ရွက်မှုကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၏ လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုတင်(၅၀)ဆန့် မြန်မာ့မီးရထား ဆေးရုံ(အင်းစိန်)၌ ဆေးရုံရှိ ဆရာဝန်ကြီး၊ လက်ထောက် ဆရာဝန်နှင့် ဝန်ထမ်း များအား တွေ့ဆုံပြီး၊ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ရှင်းလင်းခန်းမဆောင်တွင် ဦးဆောင်ညွှန်ကြားရေးမှူးမှ ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ မြန်မာ့သင်္ဘောကျင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)