Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာ ၃ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့် ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများ က လိုအပ်သည့်ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့်  ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်သည့် အခြေအနေများနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသား များပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်း ဟူသည့် အဆင့် ၃ ဆင့်ကို အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေ များ၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ခေတ်အဆက် ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်း အခြေအနေများ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲပေးခဲ့သည့် အခြေအနေများနှင့် လက်ရှိတွင်လည်း (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရား များအား နှောင့်ယှက် ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုးခရီးစဉ်များတွင် ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပထမ အချက်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိမှုနှင့် ဒုတိယ အချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများ ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိမှု စသည့် အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး  NUG အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စက်တင်ဘာ ၇ ရက်တွင် အကြမ်းဖက်လုပ်ရပ်များ ပိုမိုဖြစ်ပေါ် လာစေရန် လှုံ့ဆော်ခဲ့ပြီးနောက် ပိုင်းတွင် မြို့အချို့နှင့် ဒေသအချို့တို့တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ ဗုံးပစ်ခတ်ခြင်း၊ ဒလန်ဟုစွပ်စွဲ၍ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း စသည့် ဖြစ်စဉ်များ ပိုမိုများ ပြားလာသည့် အခြေအနေများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရာ တွင် အများပြည်သူအသုံးပြု သည့် လမ်း၊ ရုံး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် နေရာများနှင့် ဆက်သွယ်ရေး တာဝါတိုင်များကို အဓိကပစ်မှတ်ထား ဆောင်ရွက်လာ သည်ကိုတွေ့ရှိရပြီး အသက် အရွယ် ငယ်ရွယ်နုနယ်သည့် ကလေးငယ်များကိုပါ ရာဇဝတ်မှုကြီးများ ကျူးလွန် လာစေရန် သွေးထိုးလှုံ့ဆော်စေခိုင်းဆောင်ရွက်ခဲ့မှုများကို တွေ့ရှိရသည့် အခြေအနေများ၊ ရန်ကုန်-မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ် အချို့၌ အကြမ်းဖက်သမားများကို လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီး ရမိသူများ၏ ဝန်ခံပြောကြားချက်များကို PowerPoint  Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့မှုများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint  Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)