Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

နေပြည်တော် စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင် ကျေးရွာ၊ အနောက်သပြေကုန်းလမ်းခွဲထိပ်၊ မိုင်တိုင်အမှတ် ၃၇ မိုင် အနီး၌ PDF အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ် ၁ စီးအား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ဦးအောင်မင်းနိုင်(၄၉)နှစ် (ဘ) ဦးဘိုကျင် မောင်းနှင်ပြီး သိန်းဝေဖြိုး(၂၅)နှစ် (ဘ)ဦးဝင်းကြိုင် လိုက်ပါလာသည့် ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းပိုင် HSE/2219 Super Custom မော်တော်ယာဉ်သည် ချင်းပြည်နယ်၊ ဟားခါးမြို့နေ လူနာဖြစ်သူ ဦးဂျူလျှံရွှေ(စိစစ်ဆဲ)အား တင်ဆောင်ကာ နေပြည်တော်သို့ ထွက်ခွာလာစဉ် အခင်းဖြစ် နေရာအရောက် လမ်း၏ယာဘက်ခြမ်းမှ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်၏ အရှေ့လေကာမှန်၊ ယာဘက်ဘေးမှန်၊ ယာဉ်၏အရှေ့ခြမ်း မီးခွက် ၁ လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်