စဉ့်ကူး စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ငါးဖမ်းကိရိယာ စစ်ဆေးခြင်း၊ ရေတော်ကျေးရွာ၏ အနောက်ဘက်ဆောက်ကြီးအင်း နယ်စပ်သောင်ခုံပေါ်ရှိ ရေလုပ်သားများအား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ရွှေလှေကျေးရွာ၏ အနောက်ဘက် မြစ်ကမ်းစပ်အနီး ဒရွတ်ဆွဲ ပိုက်ကြိုးအား ဖြုတ်၍မောင်းထွက်သွားသော စက်လှေတစ်စင်းကို တွေ့မြင်ရသဖြင့် ၎င်းပိုက်အား စစ်ဆေးကြည့်ရာ ဘက်ထရီရှော့ ဝိုင်ယာကြိုးများ တပ်ဆင်ထားကြောင်း တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ရေလုပ်သားများအနေဖြင့် ဤကဲ့သို့ တရားမဝင် ငါးဖမ်းဆီးခြင်းများ ဆောင်ရွက်ခြင်းမပြုရန် ငါးလုပ်ငန်း ဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲများ၊ ပညာပေး စာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြား၊ ရေဒီယိုများတွင်လည်း ပညာပေးအစီအစဉ်များ ဖော်ပြထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်