နေပြည်တော် စက်တင်ဘာ ၂၆
လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်လျက် ငွေကြေးတောင်ခံ၍ အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်သူများ အားဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (စ)ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ x ၆၈ လမ်းကြားတွင် KKY စတီးလ်လုပ်ငန်း လုပ်ကိုင်သူ မျိုးညွန့်(ခ) ကရင်လေးသည် PDF အဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့မှုများရှိနေကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နေအိမ်သို့ သွားရောက်ခေါ်ယူထိန်းသိမ်းကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီး PDF အဖွဲ့ဝင်များနှင့် ပတ်သက်မှုမရှိကြောင်း သိရှိရသဖြင့် စက်တင် ဘာ ၁၈ ရက်တွင် ပြန်လည်စေလွှတ်ပေးခဲ့သည်။
အဆိုပါ မျိုးညွန့်(ခ)ကရင်လေးအား စစ်ဆေးနေစဉ်ကာလ စက်တင်ဘာ ၁၃ ရက် တွင် ၎င်း၏ဇနီးဖြစ်သူ မဝေဝေလင်းထံ အမျိုးသားတစ်ဦးက ဖုန်းဆက်သွယ်၍ ၎င်းမှာ နန်းတွင်းမှ အရာရှိတစ်ဦးဖြစ်ကြောင်း၊ မျိုးညွန့်(ခ)ကရင်လေး ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ ပေးရမည်ဖြစ်ကြောင်း တောင်းခံလာသဖြင့် မဝေဝေလင်းက ငွေကျပ်သိန်း ၁၆၀ သာ ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး ယင်းသို့ ငွေတောင်းခံမှုကို စက်တင်ဘာ ၁၄ ရက်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တာဝန်ရှိသူများထံသို့ အကြောင်းကြားတင်ပြခဲ့သည်။
တိုင်းစစ်ဌာနချုပ်က စိစစ်ဖော်ထုတ်ချက်အရ လိမ်လည်ငွေတောင်းခံမှုနှင့် ဆက်နွယ်သူများ ဖြစ်သည့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ပိုင်ဖြိုးဟိန်း(ဘ) ဦးသန်းဝင်း အသက် (၂၀)နှစ်နှင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)မြမာလာရပ်နေ သန်းထိုက်အောင်(ဘ)ဦးသန်းဝင်း အသက်(၃၂) နှစ်တို့အား စက်တင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံ ၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့အား ဇင်မင်းခန့်ဆိုသူက ငွေလွှဲထုတ်ရန် စေလွှတ်ခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့နယ်၊ ပင်လိမ်ကျေးရွာရှိ ဇင်မင်းခန့် နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ ဇင်မင်းခန့်မှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဇနီးဖြစ်သူ ဝေဝေခိုင်အား တွေ့ရှိရကာ ဝေဝေခိုင်အားစစ်ဆေးချက်အရ ဇင်မင်းခန့်မှာ မျိုးညွန့်(ခ)ကရင်လေးနှင့် မယားညီကို တော်စပ်သူဖြစ်ကြောင်း၊ ဝေဝေလင်းနှင့် ဝေဝေခိုင်မှာ ညီမတော်စပ်သူဖြစ်ကြောင်း ဇင်မင်းခန့်အနေဖြင့် မျိုးညွန့်နှင့် ပတ်သက်ပြီး သတင်းမှားများပေး၍ မျိုးညွန့် ဖမ်းဆီးခံရကာ စစ်ဆေးနေစဉ် မဝေဝေလင်းထံသို့ ဖုန်းဆက်သွယ်ရယူ၍ နန်းတွင်းမှအရာရှိအနေဖြင့် ငွေကြေးတောင်းခံခဲ့ကြောင်းသိရှိရသည်။ သို့ဖြစ်၍ တရားခံ ဇင်မင်းခန့်အား ဖမ်းဆီးရမိ ရေးအတွက် ပြင်ဦးလွင်သို့ ငွေလွှဲပို့နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ ငွေလွှဲထုတ် ယူရန်လာရောက်သူ ပိုင်ဖြိုးဟိန်းနှင့် သန်းထိုက်အောင်အား ဖမ်းဆီးရမိခဲ့ပြီး တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ ဇင်မင်းခန့်အား ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အခြား လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင် လျက်ငွေကြေးတောင်းခံ၍ အမြတ်ထုတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှား သံသယဖြစ် စေခြင်းတို့ မကြာခဏဖြစ်ပေါ်ဖြေရှင်းရလျက်ရှိပါသဖြင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ဆွေမျိုးအသိုက် အဝန်းမှဖြစ်စေ၊ မိမိပတ်ဝန်းကျင်၌ဖြစ်စေ အမှုကိစ္စနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုအပါအဝင် ဥပဒေမဲ့လုပ်ရပ်များရှိ လာပါက နီးစပ်ရာလုံခြုံရေးစစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစခန်း၊ ဌာနချုပ်များသို့ အသိပေးတိုင်ကြားနိုင် ပါကြောင်းသက်ဆိုင်ရာမှ သတင်းရရှိသည်။