နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ တက်ရောက် ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် အလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက် ၃ ရပ်တွင် “အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက် နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ပါဝင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ ၅ နှစ် စီမံချက် (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) တွင် “အရည်အသွေးရှိသည့် လုပ်သား အင်အား ရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်း များကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ လုပ်ငန်း များအတွက် ထိရောက်သင့်လျော်သော ဘတ်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များမြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက် (MERP) အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် နေထိုင်မှုပုံစံအသစ်အဖြစ် Online ပိုမိုသုံးစွဲလာပြီး Online Shopping များ ပိုမိုတွင်ကျယ်လာသဖြင့် အသေးစား/ အငယ်စား/အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ထုတ်လုပ်မှုကဏ္ဍတွင် Digital စနစ် အသုံးပြု၍ အသွင်ကူးပြောင်းနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးရေး လုပ်ငန်းကော်မတီဝင်များက ခေတ်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းအစီအစဉ်များကို ကော်မတီဝင်များမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဘဏ္ဍာရေးနှစ် တွင် ထိရောက်စွာ ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)