ရန်ကုန် စက်တင်ဘာ ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Shwe Me Thar Logistic Service Co., Ltd သို့ သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်နေမှု၊ လှိုင်မြစ်ရေကြောင်း လမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်း ဆိပ်ကမ်းများသို့ ကွန်တိန်နာ သယ်ယူ ပို့ဆောင်မှုနှင့် ပြည်ပသို့ ဆန်တင်ပို့နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြု ညှိနှိုင်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ကုန်းတွင်းဆိပ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် Resources Group Logistic Co., Ltd လုပ်ငန်းခွင်၌ ကုမ္ပဏီ တာဝန်ရှိသူများက ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ချိတ်ဆက်၍ ကုန်းတွင်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် နေမှု၊ ကုန်ပစ္စည်းသိုလှောင်၍ ဝန်ဆောင်ပေးနေမှု၊ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ ကိုင်တွယ် ဆောင်ရွက်နေမှု၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များနှင့် Bonded warehouse စနစ်ဖြင့် အကောက်ခွန် ရှင်းလင်းဝန်ဆောင် ပေးနေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြုံပြု ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးသို့ သွားရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံ အသီးသီးမှ ကုန်သည် စက်မှု/ အသင်းများ၊ UMFCCI အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ တက်ရောက်သည့် ကိုယ်စားလှယ်များက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိရာတွင် ကြုံတွေ့နေသည့် အခက်အခဲများ၊ လုပ်ငန်းများ ဆက်လက်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအသီးသီးက ကူညီဆောင်ရွက် ပေးစေလိုသည့် ကိစ္စများကို တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းပိုမိုလွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေး မည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးမှု ကိစ္စရပ်များ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံခြားစီးပွားရေး အသင်းအဖွဲ့များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ကိုဗစ် ချေးငွေအတွက် လျှောက်လွှာများ လက်ခံဆောင်ရွက်ပေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ကိုဗစ်ချေးငွေ လျှောက်ထားမှု များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ UMFCCI အသင်း ချုပ်ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်း၊ သို့မဟုတ် Online မှ တစ်ဆင့်လည်း လျှောက်ထားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)