Skip to main content

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း

နေပြည်တော် စက်တင်ဘာ ၂၃

 

 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ သည်။

 

တက်ရောက်

အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့် အာဆီယံနှင့်အမေရိကန် တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး၊ အာဆီယံအမေရိကန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးတွင် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူ အညီများ ထပ်မံပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (IAI)ကိုလည်း ဆက်လက် ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်း လုံခြုံရေးအခြေအနေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထုအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေးအတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ သဘောတူညီချက် (၅)ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

 

တရားဝင်မှုမရှိ CRPH နှင့် NUG တို့မှ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စု ဝန်ကြီးက အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှု လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်း နှင့် လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။

သတင်းစဉ်