Skip to main content

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကိုတင်သွင်း ဖြန့်ဖြူး မည့် အစီအစဉ် စနစ်တကျ ရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊စက်တင်ဘာ ၂၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ‌ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ်စနစ်တကျ ရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtualစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ရာတွင် အသုံးပြုမည့် ဆက်စပ် ဆေးဝါးများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ဆေးဝါးများတင်သွင်းဖြန့်ဖြူးမည့်ကုမ္ပဏီများကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ စိစစ်ကြပ်မတ်ပြီး နိုင်ငံတော်မှရောင်းချပေးသည့် နိုင်ငံခြားငွေ များကိုစနစ်တကျဖြင့် ထိထိ ရောက်ရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဦးစားပေးတင်သွင်း ဖြန့်ဖြူးမည့် ဆေးအမျိုး အစားများကို အတည်ပြုသတ်မှတ်၍ ဆေးဝါးများတင်သွင်း ဖြန့်ဖြူးရောင်းချ မည့် လုပ်ငန်းစဉ်များ ကို တိကျစွာသတ်မှတ်ဆောင်ရွက်ပေးရန်နှင့် တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေးပေး ကြရန် မှာကြားသည်။

ယင်းနောက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ ရာတွင်အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ဆေးဝါးများ တင်သွင်းဖြန့်ဖြူးရာတွင် အများ ပြည်သူအသုံးပြုမှုများပြားသည့်ဆေးဝါးများကို ဦးစားပေးတင်သွင်းရေးနှင့် ဆေးဝါးများဖြန့်ဖြူး ရောင်းချမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန် OSS Task Force အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)