နေပြည်တော်၊ စက်တင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်း သုံးသပ်တင်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် နိုင်ငံတော် အစိုးရက ခွင့်ပြုထားမှု၊ ယခင်ပြဋ္ဌာန်းထားသည့် ၂၀၁၃ ခုနှစ်၊ သန်းခေါင် စာရင်းဥပဒေအခြေအနေနှင့် ဆက်လက်အသုံးပြုဆောင်ရွက်နိုင်မည့်နည်းလမ်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူရန်လိုအပ်မှု၊ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော် အောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပြန်လည် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း လုပ်နိုင် သမျှ လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံးဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လုပ်ငန်းအချိန်ဇယားနှင့် အညီ သတ်မှတ်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင့်အလိုက် အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် စနစ်တကျ သုံးသပ်ဆွေးနွေးကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်သည့် လူအင်အား၊ နည်းပညာနှင့် စက်ကိရိယာအင်အားများကို အသေးစိတ်တွက်ချက်၍ လုပ်ငန်း စီမံချက် ရေးဆွဲဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာနရှိ လူဦးရေသတင်း အချက် အလက်နှင့် ဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ မှတ်တမ်းခန်း၌ ထုတ်ပြန် ပြီးဖြစ်သော သန်းခေါင်စာရင်းမှတ်တမ်းစာအုပ်များ ထိန်းသိမ်းထား ရှိမှု၊ GIS စနစ်ဖြင့် ကောက်ကွက် မြေပုံရေးဆွဲထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ သန်းခေါင် စာရင်းစာကြည့်တိုက်၌ စာအုပ် စာစောင်များ စုဆောင်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များအဖြစ် အသုံးပြု ဆောင်ရွက်လျက် ရှိသည်။ သန်းခေါင် စာရင်းကို(၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူရန် လျာထားရာ ၂၀၂၄ ခုနှစ်တွင် စေ့ရောက်သည့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယခင်အတွေ့အကြုံ များအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှစတင်ကာ လုပ်ငန်းအဆင့်(၄) ဆင့်ဖြင့် ကောက်ယူမည်ဖြစ်သည်။ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ကြိုတင် ပြင်ဆင် ခြင်းလုပ်ငန်းများကို လုပ်နိုင်သမျှအကောင်အထည်ဖော် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်အင်အား (၄၂၀၀၀) ခန့်သည် ကောက်ကွက်ပေါင်း (၁၁၀၀၀၀)ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူနိုင် ရေး အသေးစိတ်စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)