နေပြည်တော် စက်တင်ဘာ ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့သည် ယနေ့မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိပြီး Vault အခန်းတွင် ထိန်းသိမ်းထားရှိသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် မြင်းမူမြို့နယ်မှ ရရှိသော နယားခေါင်းလက်ကြပ်၊ ကျိုက္ကသာမြို့ဟောင်းမှရရှိသော ရွှေပြားများ၊ ပုဂံခေတ်တာ ရာဒေဝီ နတ်သမီးပုံ၊ ပုလဲမြို့နယ်မှရရှိသော ပျူခေတ်ပုတီးလုံးများ၊ တွံတေးမြို့နယ်မှရရှိသော ပုဂံခေတ်ရွှေအုန်းဖူး ဆွဲကြိုးအစရှိသည့် ယဉ်ကျေးမှုအမွေ အနှစ်ရှေးဟောင်းရွှေထည် ပစ္စည်း(၆၀၁)ခုကို ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးသင်းတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက် (ရန်ကုန်)တို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ယဉ်ကျေးမှုများနှင့် မြန်မာလူမျိုး၏ စွမ်းဆောင်ချက်(Soft Power) များကို ဖော်ထုတ်ပြသရန်၊ ခေတ်မီဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ် မှန်ကန်ကာ အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအတွက် ဖွင့်လှစ်ပြသထားရှိသော ပြတိုက်ဖြစ်ကြောင်း၊ ပြတိုက်ပစ္စည်းများကို လုံခြုံရေးအစီအစဉ်များ စနစ်တကျချမှတ်ဆောင်ရွက်သွားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်တွင် ခင်းကျင်းပြသရန် လျာထားသည့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းကို အဆင့်အတန်းမီဖြင့် ပြီးစီးအောင်ခင်းကျင်းရန်၊ အများပြည်သူများအား ဖွင့်လှစ်ပြသနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
