နေပြည်တော် စက်တင်ဘာ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မြဝတီနှင့် ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၇) ခုမှ ယာဉ်စီးရေ (၁၆)စီးဖြင့် အောက်ဆီဂျင်အရည် Bowser ယာဉ်(၂)စီးဖြင့် (၄၃)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၅၇၉) ခု၊ Oxygen Plant (၈)ခု၊ အိမ်သုံး Oxygen Concentrator (၆၈) ခု၊ လက်အိတ် (၁၄) တန်နှင့် နှာခေါင်းစည်း (Mask) (၅၉) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် Bowser ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant(၈)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့(၇)ခုနှင့် ချင်းရွှေဟော်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ (၁)ခုဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိ စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်းသိရသည်။
(သတင်းစဉ်)
