နေပြည်တော် စက်တင်ဘာ ၂၂
ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မွေးမြူရန်နှင့် ပြည်ပသို့ အေးခဲအသားများအဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်သွားရန် နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိ ငါး/ အသား အေးခဲတင်ပို့မှု အခြေအနေနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးရုံး၌ကျင်းပသည့် တိရစ္ဆာန်၊ အသား၊ ငါးကဏ္ဍ ပို့ကုန်မြှင့်တင်ရန် Action Plan ရေးဆွဲဆောင် ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍ အနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက် ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာ (၃) ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် (၅ ဒသမ ၃) သိန်းတင်ပို့မှုမှ ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ (၇၂၄ ဒသမ ၁၁၄) သန်းရရှိခဲ့ပြီး၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု အနေဖြင့် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာ (၃) ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈ ဒသမ ၆၁) သန်းရရှိခဲ့ကြောင်း၊ ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုများကြောင့် အသွားအလာကန့်သတ်မှုများ၊ လမ်းခရီးအချိန် ကန့်သတ်မှုများ၊ ကွန်တိန်နာအခက်အခဲ၊ ငွေကြေးလည်ပတ်မှုအခက်အခဲများကြောင့် မွေးမြူရေးနဲ့ ရေထွက် ပစ္စည်းပို့ကုန်တင်ပို့မှုများအပေါ် သက်ရောက်နေမှုများကို အကောင်း ဆုံးရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် ငါး/ အသား အေးခဲတင်ပို့မှုနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
