နေပြည်တော် စက်တင်ဘာ ၂၂
ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Environment Facility-GEF) ၏အဋ္ဌမမြောက် ရန်ပုံငွေထောက်ပံ့ရေးကာလ (GEF-8 Replenishment Cycle) ကို ၂၀၂၂ ခုနှစ်တွင် စတင်နိုင် ရေးဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအတွက် အာရှဒေသတွင်း နိုင်ငံများအကြိုညှိနှိုင်းအစည်းအဝေး (GEF Asia Pre-Replenishment Preparation Meeting) ကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ GEF Operational Focal Point ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့်အရာထမ်းကိုယ် စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
GEF သည် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ပြဿနာများဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုထိရောက်စွာပါဝင်နိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေများကို လေးနှစ်တစ်ကြိမ်လျာထား ချက်များအတိုင်း စီမံကိန်းများလျှောက်ထားခွင့်ပြုလျက်ရှိရာ GEF-8 Replenishment Cycle ရန်ပုံငွေထောက်ပံ့ရေးဆိုင်ရာအစီအမံများအတွက် ရန်ပုံငွေလျှောက်ထားခြင်းဆိုင်ရာ မဟာဗျူဟာ၊ အစီအစဉ်များနှင့် လမ်းညွှန်ချက်များချမှတ်နိုင်ရန် ရေးဆွဲလျက်ရှိသဖြင့် ဦးတည်ချက်များ၊ ဦးစားပေးကဏ္ဍများ၊ စီမံချက်/ စီမံကိန်း များနှင့် ရည်မှန်းချက်များ စသည်တို့နှင့်စပ်လျဉ်း၍ အာရှဒေသတွင်းနိုင်ငံများ၏လိုအပ်ချက်များ၊ သဘောထားမှတ်ချက်များကို အာရှဒေသကိုယ် စားတင်ပြပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။
ယခုကျင်းပသည့်အစည်းအဝေးကို မြန်မာနိုင်ငံပါဝင်သည့် အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံပတ်ဝန်း ကျင်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (GEF ၏ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ Operational Focal Point လည်းဖြစ်သည့်) Ms. Anna Teh ဦးဆောင် ကျင်းပခြင်းဖြစ် ပြီး GEF အတွင်းရေးမှူးရုံးနှင့် အာရှဒေသအတွင်းရှိ GEF ရန်ပုံငွေလက်ခံရရှိသည့်နိုင်ငံများမှ Operational Focal Point များပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
