
ရန်ကုန် စက်တင်ဘာ ၂၁
စက်တင်ဘာလဆန်းပိုင်းမှစ၍ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တို့စုဝေးရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေဝပ် ရေလျှံမှုဖြစ်ပေါ်ခဲ့၍ ပျက်စီးမှုအချို့ ရှိခဲ့သောကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဘုရား၊ စေတီ၊ ပုထိုးများ ရေရှည်တည်တံ့မှုအတွက် ဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။
စိတ်ဝင်တစားလေ့လာ
ရှေးဟောင်းအမွေအနှစ် စေတီပေါင်း ၃၀၀၀ ကျော် တစ်နေရာတည်းတွင် စုဝေးတည်ရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ယူနက်စကိုက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် နေရာအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်က သတ်မှတ်ခဲ့သည်။ ကမ္ဘာ တွင် ထိုသို့ ရှေးဟောင်း အမွေအနှစ်စေတီ ပုထိုး ၃၀၀၀ ကျော် တစ်နေရာတည်း စုစုစည်းစည်းတည်ရှိမှုမှာ မြန်မာတစ်နိုင်ငံ တည်းရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလေ့လာ ကြသည့် အထင်ကရ ဘုရား၊ စေတီ ၄၀၀ ကျော်ရှိပြီး ထိုဘုရား၊ စေတီနံရံတို့တွင် ရှေးဟောင်းပန်းချီလက်ရာတို့မှာ တစုတဝေးတည်း တစ်နေရာတည်းတွင် တွေ့မြင်ရသောကြောင့် အရှေ့တောင်အာရှသာမက ကမ္ဘာအတွက်တန်ဖိုး ဖြတ်၍မရသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာနေရာလည်း ဖြစ်သည်။
“ ပုဂံခေတ်ကတည်းက ရှေးဟောင်းနယ်မြေမှာ ရေမကြီးခဲ့ဘူး။ ညောင်ဦးမြို့ ထိရေဝင်တာတော့ ရှိခဲ့ဖူးတယ်။ ရှေးဟောင်းစေတီပုထိုးတွေဟာ ဧရာဝတီမြစ်ဘေးမှာရှိတဲ့အတွက် ပုဂံခေတ်ကတည်း က ရေဆင်းပေါက်တွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှေးယခင်က ဓာတ်ပုံတွေကိုကြည့်ရင် တွေ့ရမှာပါ။ ဧရာဝတီမြစ်အတွင်းကို ဆင်းရမယ့် ရေထွက် ပေါက်တွေပိတ်နေတယ်။ ပြီးတော့ စေတီဝင်း အတွင်းက ရေထွက်ပေါက်တွေပိတ်နေတာကြောင့် မိုးအဆက်မပြတ်ရွာချိန်မှာ ရေဝပ်ရေလျှံဖြစ်တာပါ။ နှစ်ပေါင်း များစွာ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ စေတီ၊ ပုထိုးတွေ ရာသီဥတုအပြောင်းအလဲမှာ ပျက်စီးမှု မရှိအောင် ကြိုတင်ပြင်ဆင် လုပ်ဆောင် ရတော့မယ်ဆိုတာကို အသိပေးလိုက်တာပါပဲ။ စူဠ မဏိဘုရားဆိုရင် ဗိသုကာပညာအင်မတန် ထွန်းတောက်တဲ့အချိန်မှာ တည်ဆောက်ခဲ့တာ ဖြစ်တဲ့ အတွက် ရေဝပ်တယ်ဆိုတာမရှိဘူး။ စေတီအပေါ်က ရေဆင်းပေါက်တွေ ပိတ်ကုန်လို့ ရေဝပ်မှုတွေ ရှိလာပါတယ်။ ပြီးတော့ ဆူဟာတိုနှစ်လမ်းသွား လမ်းမကြီးဖောက်လိုက်ကတည်းက မူလရေဆင်း ပေါက်တွေ ပိတ်သွားတယ်၊ ပျက်ကုန်တာလည်း ပါတယ်။ ကမ္ဘာမှာမရှိသေးတဲ့ ရှေးဟောင်းအမွေ အနှစ်တွေ တစ်နေရာတည်း တစုတဝေးတည်းမှာ တည်ရှိနေတဲ့ ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့အတွက် အမြန်ဆုံး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ လိုနေပါပြီ” ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက ပြောသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း နယ်မြေရှိ စေတီ၊ ပုထိုးများနှင့် ဆက်စပ်နေရာတို့တွင် အရေးပေါ်ဆောင်ရွက်ရမည့်ကဏ္ဍနှင့် ရေရှည် လုပ်ဆောင်ရမည့်ကဏ္ဍတို့ဖြင့် ပြုပြင်ထိန်းသိမ်းမှုများ လိုအပ်လာခြင်းဖြစ်သည်။ ဧရာဝတီမြစ်ကမ်းပါးတွင် မြန်မာ့ရှေးဟောင်းအမွေအနှစ်များစွာ တည်ရှိနေ သောကြောင့် ပြောင်းလဲလာသောကမ္ဘာ့ရာသီဥတုနှင့် နှစ်စဉ်ကြုံတွေ့လာရသော ရေကြီးရေလျှံဖြစ်ပေါ် မှုကို ဒေသတွင်းနိုင်ငံများနည်းတူ ရင်ဆိုင်ရလျက်ရှိရာ ဧရာဝတီမြစ်ရေလမ်းကြောင်း ပြန်လည် ထိန်းသိမ်း ခြင်းနှင့် ပုဂံရှေးဟောင်းနယ်မြေအတွင်း ရေဆင်း လမ်းများ ပြန်လည်ဖော်ဆောင်ခြင်း တို့သည် ရာသီ ဥတုပြောင်းလဲလာမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ် လာမည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်မှုဖြင့် ယဉ်ကျေးမှုအမွေအနှစ်တို့ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
“ ဒီလဆန်းပိုင်းမိုးမပြတ်ဘူး။ ရွာလိုက် တိတ်လိုက်ပဲ။ အများကြီးမပျက်စီးပါဘူး။ ဘုရား နှစ်ဆူတော့ ပြိုတာပြုတာရှိတယ်။ ဓမ္မရာဇက ဘုရားတံတိုင်းနည်းနည်းပြိုတယ်။ အခုလိုဖြစ်စဉ်မျိုး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း ဖြစ်ဖူးတယ်။ ဒီလို မိုးရွာတဲ့အခါမှာ ဘုရား၊ စေတီအပေါ်ပိုင်းက ရေထွက်ပေါက်တွေ ပိတ်နေရင် ရေကန်ကြီးလှောင်ထားသလိုရေဝပ်ပြီး စေတီတွေပျက်စီးတာ လည်းရှိတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်း လက်တွဲစောင့်ရှောက်ဖို့လည်း လိုပါတယ်”ဟု ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ဝင် ဦးတင်လှက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် စက်တင်ဘာ ၁၇ ရက်ထိ မိုးမပြတ် ရွာသွန်းမှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အုတ်တံတိုင်းအချို့ ပြိုကျခြင်း၊ စေတီအပြင်နံရံ အုတ်ချပ်များ ပျက်စီးခြင်းနှင့် ရေဆင်းပေါက်များ ပိတ်၍ ရေဝပ်ရေလျှံ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးသည့် အတွက် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများ ရေရှည်တည်တံ့မှုအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး