Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်းအပေါ် ပြန်လည်ကုစားရေး၊ ဆောင်ရွက်ထားရှိမှု တစ်ပြေးညီ ဖြစ်စေရေး ညှိနှိုင်း

နေပြည်တော် စက်တင်ဘာ ၂၁

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်းအပေါ် ပြန်လည်ကုစားရေး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းနှင့် ဝန်ကြီးဌာနအားလုံး တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက      နိုင်ငံတကာပြည်ပချေးငွေဖြင့် ဆောင်ရွက်နေသော စီမံကိန်းများ ၊ ပြည်တွင်းအကျိုးတူ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်မှုမရှိသော်လည်း စီမံကိန်း လုပ်ငန်းခွင်မှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရသည့်အတွက် လုပ်ငန်းခွင်အလုပ်သမားများ၊ ဝန်ထမ်းများ ထိန်းချုပ် ရန်ခက်ခဲခြင်း ၊  ပစ္စည်းစုဆောင်ရန် ခက်ခဲခြင်း၊ စက်ယန္တရားများလုပ်ငန်းခွင်သို့ သယ်ပို့ရန် ခက်ခဲခြင်း များကြောင့် လုပ်ငန်းဆောင်ရွက်ရန် နှောင့်နှေးရခြင်းအတွက် အချိန်တိုးမြှင့်ပေးရန် ကန်ထရိုက်တာ များနှင့် ပြည်တွင်းပုဂ္ဂလိက B.O.T ကုမ္ပဏီများမှ တောင်းခံလာသည်ကို တွေ့ရှိရကြောင်း။

ပြည်တွင်းပုဂ္ဂလိက B.O.T ကုမ္ပဏီများ၏ တင်ပြတောင်းဆိုမှုများကို B.O.T ပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ အသေးစိတ်စိစစ်ပြီး ကနဦး ခွင့်ပြုပေးခဲ့ကြောင်း။ 

တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရန်ကုန်မြို့တော်၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူ ကိုယ်စားလှယ်များအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှုများအပေါ် ကုစားမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများ ၊ ဖြေလျော့ထားရှိမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦးက ဆောင်ရွက်နေသော လုပ်ငန်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်မှုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများ၏ တာဝန်ရှိသူများက နိုင်ငံတကာ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများ၊ ပြည်တွင်းအကျိုးတူ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်မှုအပေါ် စီးပွားရေးအရ ပြန်လည် ကုစားနိုင်ရေးနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)