Skip to main content

တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာသား မိသားစု ၅ ဦးကို PDF အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်

တန့်ဆည်၊ စက်တင်ဘာ ၂၀

ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ ရွှေမျောတွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် ဦးစန်းဝင်း၊ ဒေါ်မိချစ်နှင့် သား(၃)ယောက်အား NLD အကြမ်းဖက်သမားများက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူများမှာ ဦးစန်းဝင်း (၄၈)နှစ်၊ ဒေါ်မိချစ် (၅၂)၊ (သား) မောင်ဇင်မင်းထွန်း (၁၈)နှစ်၊ (သား) မောင်ဇင်မင်းသူ (၁၆)နှစ်၊ (သား) မောင်အောင်မျိုးသူ (၁၁)နှစ်တို့အား ရွှေမျောတဲတွင် NLD အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ် သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက ” မနေ့က ၆နာရီ ဝန်းကျင်လောက်က အသတ်ခံရတာပါ။ ရက်စက် လိုက်ကြတာ။ ဒီ (၅)ယောက်ကတော့ အဆိုးဆုံးပါပဲ။ သူတို့ မိသားစုက ဘယ်ပါတီဝင်ရယ်လို့ မဟုတ်ကြပါဘူး။ ရွာထဲမှာ ဘောက်ထောင်ထားတယ်။ NLD က ငှားရင်လည်း လိုက်ပေးတယ်။ ပြည်ခိုင်ဖြိုးက ငှားရင်လည်း လိုက်ပေးတယ်။ ရွှေမျောကို သွားရင်းနဲ့ပဲ အသတ်ခံရတဲ့ ကိုဝင်းထိန်၊ ကိုမောင်ဟန်တို့ အသတ်ခံရတုန်းက အလောင်းသယ်ဖို့ အခက်အခဲ ဖြစ်နေတော့ ဦးစန်းဝင်းက သူ့မှာလည်း ကားရှိနေတဲ့အတွက် ကူညီပေးခဲ့တယ်။ ဒါကိုပဲ ဒလန်လို့ သတ်မှတ်ပြီး သတ်လိုက်ကြသလား။ စဉ်းစားကြည့်ရသလောက်တော့ ဒီလိုဆောင်ရွက် ပေးတာပဲရှိတယ်။ ကပေါင်းကျရွာက NLD အကြမ်းဖက်သမားတွေက အင်အားလည်း ကောင်းတယ်။ သူတို့စိတ်ထဲ ဒလန်လို့ထင်တာနဲ့ သတ်နေတဲ့ သဘောဖြစ်နေပါပြီ။” ဟု ပြောသည်။

အခြားသော ဒေသခံတစ်ဦးက ” ကပေါင်းကျရွာမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေကို ဝန်ကြီးချုပ်ဆီအထိ တင်ပြထားတယ်။ အခု ဒီရွာမှာဆိုရင် တခြားဘယ်သူမှ မနေရဲကြတော့ဘူး။ NLD အကြမ်းဖက်သမားတွေချည်းပဲ ရှိတော့တယ်။ ကျန်တဲ့သူတွေက တခြားပြောင်းရွှေ့ ရှောင်တိမ်းနေကြရပြီ။ NLD အကြမ်းဖက်သမားတွေကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလာရင် ရှောင်ပြေးသွားတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်သွားပြီဆိုရင် ရွာကို ပြန်လာပြီ ဒလန်လို့ ထင်တဲ့သူကို သတ်ဖြတ်ဖို့ တိုင်ပင်လုပ်ဆောင်နေကြတယ်။ ကျုပ်ပြောချင် တာကတော့ ဒီလိုကိုင်တွယ်နေလို့ မဖြစ်တော့ဘူး။ ဒီ NLD အကြမ်းဖက်သမားတွေကြောင့် အားလုံး အတိဒုက္ခတွေ ​ရောက်ကုန်ကြပြီ။ ရွာမှာ တပ်စွဲနေပြီးတော့ကို ပြတ်ပြတ်သားသား နှိမ်နင်းပေးမှ ရတော့မယ်။” ဟု ပြောသည်။

အလားတူ တန့်ဆည်မြို့မှ ကပေါင်းကျကျေးရွာသို့ ရွှေမျောလာမောင်းသူ ဦးဝင်းစန်းဦးတို့ ဇနီးမောင်နှံကိုလည်း ကပေါင်းကျကျေးရွာမှ NLD အကြမ်းဖက် သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ရာ ဦးဝင်းစန်းဦးမှာ သေဆုံးခဲ့ရပြီး အမျိုးသမီးမှာ ဆေးရုံတင်ထားရဆဲ့ အခြေအနေဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဦးစန်းဝင်း၊ ဒေါ်မိချစ်တို့မိသားစုမှာ မိသားစုလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်သဖြင့် အလောင်းကောက်မည့်သူ မရှိသေးကြောင်း၊ လုံခြုံရေး တပ်ဖွဲ့က သွားကောက်ပေးမလား မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ကပေါင်းကျကျေးရွာမှ NLD အကြမ်းဖက်သမားများက တခြားသောပါတီအဖွဲ့အစည်းဝင်များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကိုကျော်မျိုးသက်အား ဖျားယောင်းသွေးဆောင်ခေါ်ယူ၍ ဦးစန္ဒိမာ၏ ဘုန်းကြီးကျောင်းတွင် သတ်ဖြတ်ခဲ့ကြသည်။ ဦးဝင်းထိန်နှင့် ဦးမောင်တို့မှာ ရွှေမျောလုပ်ငန်းခွင်သို့ သွားရင်း အသတ်ခံခဲ့ရသည်။ ယခု နောက်ဆုံး ဦးစန်းဝင်း မိသားစု (၅) ယောက်ပါ ဆိုလျှင် NLD အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရွာသား (၈)ဦး သေဆုံးခဲ့ရသည်။

ထိုသို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တန့်ဆည်သူ၊ တန့်ဆည်သားတို့ ဆုံဆည်းရာ လူမှုကွန်ရက်တွင် NLD အကြမ်းဖက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက “ဒလန်ရှင်းတဲ့ အရမ်းတော် တဲ့ ကပေါင်းကျ၊ ဂုဏ်ယူပါတယ်ရှင်” ဟု ဦးစန်းဝင်းမိသားစုဝင် (၅)ဦးကို NLD အကြမ်းဖက် သမားများက သတ်ဖြတ်လိုက်သည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူနေသည်ကို တွေ့ရသည်။

Credit_MyanmarNationalPost