Skip to main content

သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းတွင် မျိုးသုဉ်းလုနီးပါးရှိနေသော ရေငန်မိကျောင်းများကို ထိန်းသိမ်းကာကွယ်ထား

ရန်ကုန် စက်တင်ဘာ ၁၉

ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ်၂၄ မျိုးရှိပြီး ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက် မြခွာညို လမ်းတွင်ရှိသော မိကျောင်းထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းတွင်ရှိသည့် ရေငန်မိကျောင်း (ငမိုးရိပ်မိကျောင်း) လည်း အပါအဝင်ဖြစ်ရာ ထိုစခန်း၌ မျိုးသုဉ်းလုနီးပါး ရှိနေသော ရေငန်မိကျောင်းများကို မွေးမြူထိန်းသိမ်းထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်ကြည့်ရှုလေ့လာရာ  မိကျောင်းမွေးမြူထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းကို ယာယီပိတ်ထားပြီး မျိုးသုဉ်း ပျောက်ကွယ်လု မိကျောင်းမျိုးစိတ်တွင်ပါဝင်သော မြန်မာ့ရေငန် မိကျောင်းများကို ဧရာဝတီ တိုင်းဒေသကြီး မိန်းမလှကျွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သာကေတ  မိကျောင်း မွေးမြူ ထိန်းသိမ်းရေးစခန်းတို့တွင် မွေးမြူ ထိန်းသိမ်းထားခြင်းဖြစ်သည်။ ဧက ၄၀ ကျယ်ဝန်းသော အဆိုပါစခန်းတွင် တစ်ပေအရွယ်မှ ၁၀ ပေ အထက် မိကျောင်း ကောင်ရေ ၅၉၂ ကောင် မွေးမြူထားပြီး ရေငန်မိကျောင်း( ငမိုးရိပ်မိကျောင်း) တစ်မျိုးတည်းကို မွေးမြူ ထိန်းသိမ်းထား သော စခန်းဖြစ်သည်။

“လက်ရှိ မိကျောင်းအစာကျွေးတာနဲ့ သန့်ရှင်းရေး လုပ်ဆောင်နေပါတယ်။ အပန်းဖြေလေ့လာမှု လည်းပိတ်ထားတယ်။ မိကျောင်းတွေ အစစအတွက် အလှူရှင်တွေတချို့လည်း လာကြပါတယ်။ ဒီမှာ အကောင်ပေါက်ကစပြီး အကောင်ကြီးအထိ ၅၉၂ ကောင်ရှိတယ်။ သူတို့ရဲ့ကျန်းမာရေးနဲ့ အစာကိုတော့ ဒီကာလမှာ ပိုပြီးဂရုတစိုက်လုပ်ရပါတယ်။ ရေငန် မိကျောင်းရှားပါး မျိုးစိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာပါ” ဟု သာကေတ မိကျောင်းမွေးမြူ ထိန်းသိမ်းရေး စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောသည်။

မိကျောင်းမျိုးစိတ် ၂၄ မျိုးတွင် Crocodile မျိုးစိတ် ၁၄ မျိုး၊ Alligator မျိုးစိတ် ၈ မျိုးနှင့် Gavial မျိုးစိတ် နှစ်မျိုးတို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် မိကျောင်း မျိုးစိတ်လေးခု ရှင်သန်လျက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်တွင်ရှိသော ရေငန် မိကျောင်း(ငမိုးရိပ်မိကျောင်း)၊ တနင်္သာရီတိုင်းဒေသကြီး ဒီရေရောက်တောများတွင် တွေ့ရှိရသော ထိုင်းမိကျောင်း၊ ကုန်းတွင်းပိုင်းရေချိုဒေသ အင်း၊ အိုင်၊ မြစ်၊ ချောင်းများတွင် တွေ့ရှိရသောအင်းမိကျောင်းနှင့် ရခိုင်ကမ်းရိုးတန်း ဒီရေရောက်တော တို့တွင် တွေ့ရှိရသော ငါးထောင်ညှင်းဟုခေါ်ဆိုသည့် နှာခေါင်းရှည် မိကျောင်းမျိုးစိတ်လေးမျိုးတွင် ရေငန်မိကျောင်း တစ်မျိုးတည်း သာကျန်ရှိပြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်းနှင့် သာကေတမိကျောင်းမွေးမြူ  ထိန်းသိမ်းရေးစခန်းတို့တွင် တွေ့ရှိရကာ မိန်းမလှကျွန်း သဘာဝထိန်းသိမ်းရေးနယ်မြေ၌ မိကျောင်း ကောင်ရေ ၁၀၀ ခန့် နေထိုင်ကျက်စားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် တစ်မျိုးတည်းကျန်ရှိသော ရေငန်မိကျောင်း (Crocodylus porosus) မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ ပြည်ပသို့ မိကျောင်းများ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် အများပြည်သူ အပန်းဖြေ ဗဟုသုတရှာမှီးနိုင်စေရန်ရည်ရွယ်၍ ၁၉၇၈ ခုနှစ် မေ ၂ ရက်တွင် မိကျောင်းမွေးမြူရေးဌာနစုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး သာကေတ မိကျောင်းမွေးမြူ ထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းအဖြစ် ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ရေငန်မိကျောင်းများ သက်တမ်းအားဖြင့် နှစ် ၇၀ မှ ၈၀ အထိနေထိုင်နိုင်ပြီး အမထက် အထီးများက  အရွယ်အစားကြီးမား လေ့ရှိကာ ပျမ်းမျှအားဖြင့် အထီးသည် ၁၅ ပေခန့်၊ အမသည် ၁၀ ပေခန့်အထိ ရှည်လျား၍ ဥအလုံးရေ ၂၀မှ ၇၀ ခန့်အထိ ဥချလေ့ရှိ သည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရှိနေသော ရေငန်မိကျောင်းများကို ရန်ကုန်မြို့ သာကေတ မိကျောင်း မွေးမြူရေးစခန်းတွင် ဥအရွယ်မှ ၁၅ ပေခန့်အရွယ်အထိ ရေငန်မိကျောင်း (ငမိုးရိပ်မိကျောင်း) များကို ဆက်လက်မွေးမြူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး