နေပြည်တော် စက်တင်ဘာ ၁၉
သမားရိုးကျစိုက်ပျိုး ထုတ်လုပ်မှုမှ ဈေးကွက်ကို မျှော်မှန်းပြီး ခေတ်မီနည်းပညာများ အသုံးပြု ထုတ်လုပ်သည့် အရည်အသွေး ကောင်း သီးနှံများ ထုတ်လုပ်နိုင်ကြမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးအမြတ် သေချာစေမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများဘက်မှ ကူညီအားပေး လျက်ရှိနေမှုအပေါ် တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူ အားလုံးတို့ကလည်း မိမိတို့ကျရာအခန်းကဏ္ဍများက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေသနေတောင်သူများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ စွန်ချောင်း ရေလှောင်တမံသို့ ရောက်ရှိကြပြီး တမံကြံ့ခိုင်ရေး ပြုပြင်မွမ်းမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ်လဲလူးကျေးရွာအုပ်စု မကျီးပင်ရိုးကွင်း တောင်သူ ဦးမိုးသစ်၏ စိုက်ကွင်းတွင် ဆောင်ရွက်ထားသည့် တောင်သူနည်းပညာပေး စံပြစိုက်ကွင်း သို့ရောက်ရှိကြပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ခေတ်မီနည်းပညာများ လက်တွေ့အသုံးပြုလိုက်နာ ဆောင်ရွက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂ္ဂလိက နွားနောက်မွေးမြူရေးခြံများ၊ နို့စားနွား မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေး အားပေးသည်။
ထို့နောက် မြို့သစ်မြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာ ဌာနခွဲ၏ နည်းပညာသရုပ်ပြ စိုက်ခင်းတွင် မိုးကာစပေါ်တွင် နှမ်းထောင် နှမ်းခါခြင်းနှင့် မြေပြင်ပေါ်တွင် နှမ်းထောင်နှမ်းခါခြင်းတို့၏ ခြားနားချက် လက်တွေ့သရုပ်ပြ ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူ၍ နို့နှင့် နို့ထွက်ကုန် ပစ္စည်း ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မကွေးမြို့ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနခန်းမတွင် ဝန်ကြီး ဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကို တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဒေသ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်