Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မီးရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) အား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၉

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စက်ပစ္စည်း ကြီးကြပ်မှု ကော်မတီသို့ တင်ပြလာသည့် အမှာစာ များအပေါ် စိစစ်ဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အမှာစာတွင် တင်ပြဆွေးနွေးခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနက 1200 HP စက်ခေါင်း (၅) ခေါင်း တည်ဆောက်ခြင်းအတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူခွင့်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအတွင်းရှိ မီးရထား စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ မီးရထား စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ တပ်ဆင်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် တင်ပြခဲ့သည့် 1200 HP Caterpillar အမျိုးအစား မီးရထား စက်ခေါင်း (၅) ခေါင်းနှင့် လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူနိုင်ရေးအတွက် လာရောက် လေ့လာကြည့်ရှုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “ပြည်ထောင်စု အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနတွင်ရှိသော သက်တမ်းလွန်နေသော ဆီတွဲ၊ မီးရထားတွဲ၊ မော်တော်ယာဉ်များအား ပြင်ဆင်ပြီး အသုံးပြုရန်နှင့် ပြင်ဆင်၍မရပါက ဆောလျင်စွာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းနိုင်ရေး ဆောင်ရွက် သွားရန်” လမ်းညွှန်ထားသဖြင့် အထူးအလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ အနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း/ ဝန်ကြီးဌာနများရှိ မော်တော်ယာဉ်၊ မီးရထား၊ ရေယာဉ်၊ လေယာဉ်အပါအဝင် စက်ပစ္စည်းများ၏ အင်အားကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စိစစ်သတ်မှတ်ခြင်းနှင့် လိုအပ်သည့် မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးလျက်ရှိကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် စက်ပစ္စည်းများကို စက်စွမ်းအားပြည့် အသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ရှိပြီးနည်းပညာများ ပျောက်ပျက်မှု မရှိစေရေး ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးရန်၊ နည်းပညာကောလိပ်၊ တက္ကသိုလ်များတွင် မီးရထားနှင့် ဆက်နွယ်ပတ်သက်သည့် ဘာသာရပ်များ ထည့်သွင်းသင်ကြားနိုင်ရေး စီမံ ဆောင်ရွက်ရန် အကြံပြုလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မီးရထားစက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)