နေပြည်တော်၊ စက်တင်ဘာ ၁၈
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ လိုသည့် NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် ငြိမ်းချမ်းစွာနေထိုင်ကြသည့် အပြစ် မဲ့ပြည်သူလူထုကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအများသွားလာ လှုပ်ရှားနေသည့် ဈေးများ၊ စာသင်ကျောင်းများ၊ လမ်း တံတားများအထိ ဖောက်ခွဲ ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်လျက်ရှိရာ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်တွင် (၅)နှစ်အရွယ် လူမမယ် ကလေးတစ်ဦး သေဆုံးခဲ့ရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်၊ တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကိုပွားကြီး (ခ) မင်းသိန်းစိုး (၃၄)နှစ် ပိုင်ဆိုင်သည့် ကွမ်းယာ ဆိုင်အတွင်း၌ ဒေသန္တရ လက်လုပ် ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ကာ သားဖြစ်သူ အသက် (၅)နှစ်အရွယ်ကလေးငယ်မှာ မိုင်းစ ထိမှန်ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး ကွမ်းဝယ် သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲခဲ့သည့် တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံဖြစ်သူ ထူးဝေယံ(၂၅)နှစ် (ဘ) ဦးဖိုးတုတ် အား မကွေးမြို့ အဝေးပြေး ကားဂိတ် အတွင်းရှိ နဒီဧရာ(မင်းဘူး - မကွေး - ရန်ကုန်)ကားဂိတ်တွင် လည်းကောင်း၊ ဆက်စပ် တရားခံများအဖြစ် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် လိုက်လံ ပို့ဆောင်ပေးသူ အောင်စေတနာ ရပ်ကွက်၊ ရန်ကင်းဈေးတိုက်တန်းအနီးနေ ချစ်ဖြိုးသုံ (ခ) ဖိုးချို (၂၅)နှစ် (ဘ) ဦးချစ်မြ ကို ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ KIA အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူ သူရိန်ဝင်း (၂၆)နှစ် (ဘ) ဦးစိုးဝင်း ကို ထူးဝေယံ ငှားရမ်း နေထိုင်သော မကွေးမြို့၊ အောင်စေတနာရပ်ကွက်ရှိ ဦးကြင်စိန် ပိုင်ဆိုင်သော နေအိမ် တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မင်းကျေးရွာအုပ်စု၊ မင်းကျေးရွာအဝင်၌ စက်တင်ဘာ ၁၂ ရက်တွင် ထွေ/အုပ် ရပ်ကျေးစာရေးဖြစ်သူ ဒေါ် ဆွေဇင်ဝင်း နှင့် ခင်ပွန်းဖြစ်သူ ရွှေဒုံးကျေးရွာအုပ်စု ထွေ/အုပ် ရပ်ကျေးစာရေး ဦးဝင်းမင်းစိုးတို့ နှစ်ဦးအား လှိုင်သာယာ လုံခြုံရေးတပ်ဖွဲ့ခွဲမှ CDM ပြုလုပ်လာသူ တစ်ရွာတည်းနေ ရဲတပ်သား မျိုးမင်းထက် (ခ) မင်းထက်ဦး ၂၀ နှစ် (ဘ) ဦးနေလင်းဦး ကဓားဖြင့်ထိုးသဖြင့် ဦးဝင်းမင်းစိုး မှာ ရရှိဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး ဒေါ်ဆွေဇင်ဝင်း မှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သော တရားခံသည် စဉ့်ကူးမြို့နယ်၊ နွယ်ရုံ ကျေးရွာ အနောက်ဘက်၌ တိမ်းရှောင်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက် ရှာဖွေစစ်ဆေးရာ တရားခံပြေး မျိုးမင်းထက် (ခ) မင်းထက်ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ PDF သင်တန်းတက်ရောက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် နေလင်းဦး (ဘ) ဦးချစ်ဆိုင် (၄၂)နှစ်နှင့် မစန်းမြင့်ခိုင် (ဘ) ဦးအောင် (၃၇)နှစ်တို့ကို လက်လုပ် မိုင်းများ၊ ဓားများ၊ ဆက်စပ် ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ၎င်းတို့အား ငွေကြေးထောက်ပံ့ပြီး တိမ်းရှောင်နိုင်ရန် ကူညီပေးခဲ့သော ဘုန်းမြင့်ကျော်(ဘ) ဦးမြင့်ဆွေ (၄၃) နှစ်ကို ၎င်းနေထိုင်ရာ စဉ့်ကူးမြို့နယ်၊ ရွာသစ်ဖျားရပ်၊ အမှတ်(၂) ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် ရိုးသား အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုကဲ့သို့ (၅)နှစ်သားအရွယ် လူမမယ် ကလေးသူငယ် အသက်ဆုံးရှုံးခဲ့ရ သည်အထိ ယုတ်မာဆိုးသွမ်းသော လုပ်ရပ်များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသဖြင့် မြို့/ရွာ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူ တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက် တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းနှင့်အဆိုပါ ဖမ်းဆီး ရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဉပဒေနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
