Skip to main content

အဆင့်ဆင့်သော ဥပဒေရုံးများ၏ အသွင်သဏ္ဌာန်နှင့် ဥပဒေအရာရှိ ၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာရေး ကိုအလေးထားဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၈

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသ ကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဥပဒေရေးရာဝန်ကြီးဌာန၌ ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင် စုရှေ့နေချုပ် လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနလုပ်ငန်းများကို မကြာမီ ပြုစုထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေးနှင့်တရားမျှ တမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊  စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနခွဲ၊ ပြည်တွင်းပြည်ပဆက်ဆံ ရေးဌာနခွဲ၊ ဥပဒေသုတေသနဌာနခွဲ၊ အများပြည်သူတင်ပြစာများ စိစစ်ဆောင်ရွက် ခြင်းဌာန ခွဲတို့ကို ထည့်သွင်းဖွဲ့စည်းရန်ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် ဦးစီးဌာန ၄ ခုဖြင့် လုပ်ငန်းတာဝန် များဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ပေးပို့လာသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း)များကို စိစစ်အကြံပြုပေးလျက်ရှိပါကြောင်း၊ နှစ်အလိုက်ပြဌာန်းလျက်ရှိသည့် ဥပဒေများကိုလည်း မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလျက် Myanmar Law စာအုပ် အဖြစ်ပြုစုထုတ်ဝေလျက်ရှိပါကြောင်း။

ဥပဒေဘာသာပြန်ကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော ဥပဒေ ၂၆ ခုကို ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်က  မြန်မာဘာသာသို့ ပြန်ဆိုပြီး သောရာဇသတ်ကြီး (The Penal Code)ကို စာအုပ်အမှတ် (၉)အဖြစ် ထုတ်ပြန်ရန်ရှိပါကြောင်း။ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အာဆီယံ ဥပဒေရေးရာလုပ် ငန်းများ၊ စီးပွားရေးစာချုပ်စာတမ်း စိစစ်ခြင်းလုပ်ငန်းများ၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်စာတမ်းများ စိစစ်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် ညီညွတ် စေရေး၊ ဥပဒေရေးရာ စာပိုဒ်များ ပြည့်စုံစွာပါရှိ စေရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားစွဲနှင့်အမှု လိုက်ဦးစီးဌာနသည် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးနှင့် တရားဥပဒေစိုးမိုးရေးကိုရှေ့ရှု၍ ပြစ်မှုနှင့် တရားမမှု များတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအရာရှိများသည် တည်ဆဲ ဥပဒေများကို နှံ့စပ်စွာသိရှိပြီး အမှုလိုက်ပါဆောင်ရွက်ရာတွင် သက်သေခံအချက်အလက် ပြည့်စုံစွာနှင့် အမှုခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မကြာမီက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးက အမိန့်အမှတ် ၁၄၇ /၂၀၂၁ နဲ့ ၁၇၂ /၂၀၂၁ တို့ဖြင့်ကြားနာဆဲအမှုများကို ပိတ်သိမ်းသည့် အမိန့်များကိုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်များအရ အကျုံးဝင်သည့်အမှုများ ကို ပိတ်သိမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေရုံးများသည် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

ထို့ပြင် E-Government အစီအစဉ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးကိုကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစီးဌာ နအလိုက် လုပ်ငန်းလမ်းညွှန်စာအုပ်များ (SOP)ကို မကြာမီထုတ်ဝေဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဥပဒေရေး ရာဝန်ကြီးဌာနသည် “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)နှင့် အညီ လုပ်ငန်းအစီ အစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် စီးပွားရေးစာချုပ်စာတမ်းများစိစစ် ခြင်းဆိုင်ရာသင်တန်း၊ ဥပဒေမူကြမ်းရေးဆွဲရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ကျေပွန်စွာသယ်ပိုး ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်သော ဥပဒေရုံးများ၏ အသွင်သဏ္ဍာန်နှင့် ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်များ တိုးတက်လာရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာ ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာန (၄)ခု တို့မှ လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)