နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင်၊ ဆင်လမ်းရွာ၏ မြောက်ဘက် (၂ ဒသမ ၅) မိုင်ခန့်အကွာရှိ ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေကြီးမှု ဘေး အန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် ဒေသစိမ်းလန်းစိုပြေရေးကို ရှေးရှု၍ ရေလှောင် တမံစီမံကိန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရေလှောင်တမံကြံ့ခိုင် မှုရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နေ့စဉ် သောက်သုံးရေ ဖြန့်ဝေပေးလျှက်ရှိသည့် အခြေအနေများနှင့် မိုးရွာသွန်းမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆင်လမ်းရေလှောင်တမံသည် ပြင်ဦးလွင်မြို့အနီး ဝန်းကျင်၌ လိုအပ်သည့် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး လုပ်ဆောင်ထား ခြင်းဖြစ်သဖြင့် ရေလှောင်တမံရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် ကြံ့ခိုင်မှု စစ်ဆေးခြင်းများကို အမြဲမပြတ်ကြည့်ရှုစစ်ဆေးနေရမည်ဖြစ်ကြောင်း၊ သစ်တော များပြုန်းတီးလာခြင်းသည် ရေအရင်းအမြစ်ရရှိခြင်းကို ထိခိုက်စေနိုင်သည် ဖြစ်သဖြင့် ရေလှောင်တမံ ဧရိယာအတွင်း စိုက်ခင်းများပြုလုပ်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်းများ လုပ်ကိုင်မှုမရှိစေရန် အသိပညာပေးခြင်းများ လုပ်ဆောင်၍ ထိရောက်စွာ ကြပ်မတ်တားမြစ်ရမည် ဖြစ်ကြောင်း၊ ရာသီသီးနှံ စိုက်ခင်းများသည်လည်း ရေဝေ၊ ရေလဲ ဧရိယာရှိ မြေဆီလွှာကို ပျက်စီးစေနိုင်သောကြောင့် ရေလှောင်တမံ ဧရိယာအတွင်းရှိ သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို အထူး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရေလှောင်တမံ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းများအပြင် ဒေသခံများ၏ ရေလိုအပ်ချက် ပမာဏ မြင့်မားလာပါက ရေလှောင်တမံအား ထပ်မံအဆင့်မြှင့်တင်သိုလှောင် နိုင်ရေးနှင့် စနစ်ကျနစွာ ရေပေးဝေနိုင်ရေးအတွက် နည်းပညာရပ်ပိုင်း ဆိုင်ရာ ကြိုတင်မျှော်မှန်းတွက်ချက်ခြင်းများကို ဆောင်ရွက်ထားရှိရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေပေးဝေရေး ပိုက်လိုင်းလမ်းကြောင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား ဆွေးနွေးဆောင်ရွက်သည်။ ယင်းနောက် ဆင်လမ်းရေလှောင်တမံနှင့် ပြင်ဦးလွင်မြို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်အား မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိဘဲ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများကို ကြည့်ရှု လေ့လာခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဥယျာဉ် ရှင်းလင်းဆောင်ခန်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးနှင့် တာဝန်ရှိသူများက အမျိုးသား ကန်တော်ကြီးဥယျာဉ်ဆိုင်ရာအချက်အလက်များ၊ သစ်ပင် သစ်တောများ ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များအားနည်းလာခြင်း၊ သဘာဝ ရေထွက်များမှ ရေထွက်ရှိမှု မရှိခြင်း၊ ရေဝင်ပေါက်များမှ ရေဝင် ရောက်မှုအားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ထိုသို့ကြုံတွေ့ခဲ့ရမှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ မြေအောက်ရေနုတ်မြောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများနှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများ ပြန်လည်စီးဝင်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပြင်ဦးလွင်သည် ခွဲခြား၍ ရနိုင်မည်မဟုတ်ဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက် အကူပြုနေသည့် ဥယျာဉ်ကြီးဖြစ်သည့်အတွက် ဥယျာဉ်သာယာ လှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေကြ ရမည်ဖြစ်ကြောင်း၊ ကန်များရေခမ်းခြောက်မှုများကို ကာကွယ်နိုင်ရေးအတွက် ရေရရှိနိုင်မည့် ရေဝင်လမ်းကြောင်းများကို အမြဲမပြတ်စစ်ဆေး ထိန်းသိမ်းနေမှသာလျင် ရေစီးဆင်းမှု ကောင်းမွန်မည်ဖြစ်ကြောင်း၊ သစ်တော ဦးစီးဌာနမှလည်း ပြုန်းတီးသစ်ပင်များနေရာတွင် အစားထိုး ပြန်လည်စိုက်ပျိုး လုပ်ဆောင်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့၌ ယခင်က အရိပ်မဲ့ကော်ဖီ စိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ရာမှ သစ်ပင်သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေး လုပ်ဆောင်ခြင်းမရှိဘဲ လူနေထိုင်ခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ ရေထွက် ပေါက်များမထားရှိဘဲ အပိတ်ပုံစံဖြင့် အဆောက်အဦများ ဆောက်လုပ်ခြင်းများကြောင့်လည်း ရေအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် သတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေး စနစ်တကျကြပ်မတ်ထိန်းသိမ်း လုပ်ဆောင်ကြရန် လိုကြောင်း၊ ဥယျာဉ်အတွင်းရှိ ကန်များမှ ရေစိမ့်ထွက်မှုမရှိစေရေးနှင့် ပြုန်းတီးမှုမဖြစ်ပေါ်စေရေး အတွက်လည်း နည်းပညာပိုင်းဆိုင်ရာများအရ တွက်ချက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်တော်ကြီးဥယျာဉ်သို့ ရေဝင်လမ်းကြောင်းတစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာရှိ သဘာဝ စိမ့်စမ်းရေထွက်ပေါက်နေရာနှင့် ကန်တော်ကြီးပတ်လမ်းရှိ ရေဝင်ရောက်ရာ လမ်းကြောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလမ်းကြောင်း ထိခိုက်မှုမရှိစေရန် ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်