Skip to main content

ပြည်ပဈေးကွက်ဝင်တန်ဖိုးမြင့် ပုစွန်နှင့်ကဏန်းစားသောက်ကုန်များ ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာ ပိုမိုစားသုံးလာ

ရန်ကုန် စက်တင်ဘာ ၁၅

ပင်လယ်ပြင်ရေလုပ်ငန်းနှင့် ရေထွက်ကုန်မွေးမြူရေးလုပ်ငန်းတို့ဖြင့် ပြည်ပပို့ကုန်နှင့် ပြည်တွင်း စားသုံးမှုကို ဖူလုံစေလျက်ရှိရာ ပြည်ပဈေးကွက်ဝင်တန်ဖိုးမြင့် ရေထွက်ကုန်များ တင်ပို့မှု နည်းနေချိန်၌ ဈေးကွက်ဝင်တန်ဖိုးမြင့် ပုစွန်နှင့်ကဏန်း စားသောက်ကုန်များ ဈေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်လျက်ရှိကြောင်း သိရသည်။

ပိုမိုစားသုံးလာနိုင်

ယခင်က ပြည်ပဈေးကွက်ဝင် ကျောက်ပုစွန်တစ်ပိဿာလျှင် ကျပ် ၂၈၀၀၀၊ မီးနီပုစွန် တစ်ပိဿာလျှင် ကျပ် ၁၁၅၀၀၊ ပန်းကဏန်းတစ်ပိဿာလျှင် ကျပ် ၁၃၅၀၀၊ ဝသုံးလုံးကဏန်း တစ်ပိဿာလျှင်ကျပ် ၅၀၀၀ ဖြင့် ရန်ကုန်ငါးဈေးကွက်တွင် ယခင်ဈေးနှုန်းထက် သက်သာစွာ ဝယ်ယူစား သုံးလျက်ရှိသည်။ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမှဝင်ရောက်သော တန်ဖိုးမြင့် ပုစွန်နှင့်ကဏန်းတို့ကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပဈေးကွက်သို့တင်ပို့မှု နည်းနေချိန်တွင် ပြည်တွင်းရှိ တန်ဖိုးမြင့် ရေထွက်ကုန်များနှင့် ရေချို၊ ရေငန်ပုစွန်နှင့် ကဏန်းတို့ကို ပိုမိုစားသုံးလာ နိုင်ခြင်းဖြစ်သည်။

ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံး

ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးနှင့် စံပြငါးဈေးတွင် ရေချို၊ ရေငန် ပုစွန်လေးမျိုး အရောင်းအဝယ် သွက်လျက်ရှိသည်။ ရေချိုစပ်ထုတ် ပုစွန်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀၊ ရေငန်ပုစွန်ကျား တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ဆီးလ်မြှောက်ရေငန်ပုစွန် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊ ဘာ့ဂျိတ်ပုစွန် တစ်ပိဿာကျပ် ၈၀၀၀-၉၀၀၀ဖြင့် ပြည်တွင်းဈေးကွက်၌ အခြေခံစားသုံးသူနှင့် စားသောက်ဆိုင်၊ ထမင်းဆိုင်ဈေးကွက်တို့အတွက် အရောင်းအဝယ် သွက်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ပင်လယ် ပြင်တွင် ဖမ်းဆီး/မွေးမြူမှုမှရရှိသော ကျောက်ပုစွန်နှင့် ကဏန်းတို့ကို ရန်ကုန်မြို့ရှိ ကုမ္ပဏီအအေးခန်းများသို့ တိုက်ရိုက်ပို့ဆောင်ပြီး ပြည်ပပို့ကုန်အဖြစ် တန်ဖိုးမြင့်ထုပ်ပိုး၍ ၂၄ နာရီအတွင်း တင်ပို့ခြင်းဖြစ်ရာ ပြည်ပဈေးကွက် တင်ပို့မှုနည်းနေချိန်တွင် ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာဖြင့် တန်ဖိုးမြင့်ရေထွက်ကုန်များကို အများပြည်သူ ဝယ်ယူစားသုံး လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ ( သတင်းစဉ် )

ဓာတ်ပုံ - ကနူး