Skip to main content

စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြှင့်ကုန်ချောအဖြစ်ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၁၅

အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရေးနှင့် စံချိန်စံညွှန်းပြည့်မီ သည့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်  လိုအပ်သော နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့အားပေးလျက်ရှိကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်အစားထိုး နိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြစေ လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယမန်နေ့က Haewoo Myanmar Co,ltd ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံကို ကြည့်ရှုအားပေးစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

Haewoo Myanmar Co,ltd ဂေါ်ဖီထုပ်အခြောက်ခံ စက်ရုံအနေဖြင့် လက်ရှိအချိန်အထိ ဝန်ထမ်း(၆၀၀)ကို အလုပ်အကိုင်ပေးထားနိုင်ပြီး စက်စွမ်းအားပြည့် လည်ပတ် နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ တန်ဘိုးမြင့်ဂေါ်ဖီခြောက်များကို ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် သက္ကနိုင်ကျေးရွာရှိ GAC Company ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ သွားရောက်၍ ခရမ်းချဉ်၊ ငရုတ်သီး၊ ငရုတ်ပွမျိုးများအား တောင်သူများနှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနသို့ သွားရောက်ခဲ့ပြီး ပိုးမျိုးများ မျိုးစပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပိုးမျိုးသန့် မျိုးထိန်းလုပ်ငန်းများ၊  မျိုးပိုးဥများ ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းများနှင့် နည်းပညာ ပြန့်ပွားရေးသင်တန်း လုပ်ငန်းဆိုင်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပိုးချည်စက်ရုံနှင့် ပိုးချည်သုတေသနခြံသို့ သွားရောက်ကြပြီး ပိုးချည်ထုတ်လုပ်ခြင်းနှင့် ပိုးချည်မှ  ဆပ်ပြ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်း ပိုးစာသီးမှ ဝိုင်ထုတ်လုပ်ခြင်း နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပိုးသုတေသနနှင့် ပိုးစာသုတေသန လုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးက ပိုးချည်နှင့် ပိုးထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုအပေါ် သွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် စီးပွားဖြစ်ထုတ်လုပ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံရေးကို မြှင့်တင်ဆောင်ရွက်ရေး၊ အသေးစား စိုက်ပျိုးမွေးမြူသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေးနှင့် မိသားစု ဝင်ငွေတိုးတက်ရေး အတွက် အားပေးကူညီပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)