Skip to main content

နေပြည်တော် စက်တင်ဘာ ၁၅

(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ(39th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပါဝင်တက်ရောက်သည်။

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင်သုံးစွဲရေး၊ ကာဗွန် ထုတ်လွှတ်မှုလျော့ချရေး၊ စွမ်းအင်ခြိုးခြံခြွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင် သုံးစွဲမှုဆိုင်ရာစံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅(ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများ ဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေးသုံးစွဲရေး နည်းပညာဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ်စွမ်းအားဆိုင်ရာ ကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယား စွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံ စွမ်းအင်မူဝါဒ ချမှတ်သူများအဖွဲ့အစည်းကွန်ယက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးအတည်ပြု ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံစွမ်းအင်ဝန်ကြီး တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ထည့်သွင်းကျင်းပခဲ့ပြီး အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (International Energy Agency) အစည်းအဝေး (AMEM-IEA) ကိုဆက်လက်ကျင်းပ၍ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ(IEA)တို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။

ထို့ပြင် (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်၍ (၄)ကြိမ်မြောက် အရှေ့အာရှနိုင်ငံများစွမ်းအင်ဖိုရမ် 4th East Asia Energy Forum (4th EAS Energy Forum) ကို “A Low-Carbon Energy Transition in the ASEAN Region” ခေါင်းစဉ်ဖြင့် Economic Research Institute for ASEAN and East Asia (ERIA)က ကြီးမှူးကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်း အမြစ်များတိုးမြှင့် ရှာဖွေသုံးစွဲ၍ ကာဗွန်လျော့ချရေး မူဝါဒများ ပြောင်းလဲချမှတ် ဆောင်ရွက်နေမှု အခြေအနေ၊ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင် ပြောင်းလဲသုံးစွဲမှု နည်းပညာများ၊ ဟိုက်ဒရိုဂျင်၊ အမိုးနီးယားနှင့် ကာဗွန်ဖမ်းယူအသုံးချရေး နည်းပညာများ၊ အာဆီယံနိုင်ငံများ၏ ကာဗွန်လျော့ချရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်း အဝေးများအဖြစ် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများအစည်းအဝေး(East Asia Submit Energy Ministers Meeting - EAS-EMM)၊ အာဆီယံနှင့်ဆွေးနွေးဘက် ၃ နိုင်ငံဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့နှင့် (AMEM+3) အစည်းအဝေးများကို စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် Low Carbon Transition၊ Carbon Neutrality၊ Hydrogen Technology ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ စွမ်းအင်ဗဟိုဌာန (ASEAN Centre for Energy – ACE) တို့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ International Energy Agency – IEA၊ Economic Research Institute for ASEAN and East Asia - ERIA၊ International Atomic Energy Agency - IAEA၊ International Renewable Energy Agency - IRENA စသည့် နိုင်ငံတကာအဖွဲ့ အစည်းများတို့မှ ကိုယ်စားလှယ်များ၊ Energy Specialized Bodies နှင့် Sub-sector Networks တို့မှတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များတက်ရောက် ကြမည်ဖြစ်သည်။

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၏ အကြိုညှိနှိုင်းအစည်းအဝေးကိုလည်း စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်၍ဆွေးနွေးခဲ့ပြီး ယနေ့ကျင်းပသောအစည်း အဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအသီးသီးမှ ထုတ်ပြန်မည့် စွမ်းအင်ဆိုင်ရာ ပူးတွဲကြေငြာချက်များကို အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများက အတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)