နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၅ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၀၁ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်