Skip to main content

အမျိုးသားကန်တော်ကြီးဥယျာဉ် ရေဝင်ရောက်မှုအခြေအနေနှင့် ကော်ဖီစိုက်ခင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကန်တော်ကြီးအတွင်းရှိ ရေကန်(၄)ကန်၏ ရေဝင်ရောက်မှု၊ နွေရာသီ ရေခမ်းခြောက်မှု၊ လက်ရှိအခြေအနေနှင့် ရေခမ်းခြောက်ရသည့် အကြောင်းရင်းများ၊ (၁၀) နှစ်အတွင်း မိုးရွာသွန်းမှုနှင့် အပူချိန်တို့ကိုလည်းကောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ရေဝင်ရောက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကော်ဖီစိုက်ခင်းများ ခွင့်ပြုပေးမှုအပေါ် အမှန်တကယ် စိုက်ပျိုးထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်