နေပြည်တော် စက်တင်ဘာ ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၇ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့် ဖြင့်ကျင်းပသည့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာတို့ အစည်းအဝေး နှင့် (၁၀) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက် သည်။
ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်
အဆိုပါအစည်းအဝေးများတွင် အာဆီယံ စီးပွားရေးဝန်ကြီးများ၊ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်(ဝန်ကြီး)၊ ဟောင်ကောင် (တရုတ်)၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အီးယူ ကုန်သွယ်ရေးကော်မရှင်နာ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr, Amin Liew Abdullah နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများက ကုန်သွယ်ရေးနှင့် စီးပွားရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အမေရိကန် ကုန်သွယ်ရေးကော်မရှင်နာတို့ အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် H.E. Katherine Taiနှင့် အာဆီယံ စီးပွားရေးဝန်ကြီးများက အမေရိကန်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွက် ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာဆိုင်ရာ အကူအညီများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် စီးပွားရေးဝန်ကြီးများက အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင် ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်း အစီအစဉ်ကို အတည်ပြု ခဲ့ကြသည်။
အလေးပေးဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် ဒစ်ဂျစ်တယ် ကုန်သွယ်မှုကို ဦးတည်ဆောင်ရွက်သွားရန် လိုအပ်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ အတွက် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု ဆိုင်ရာ ကူအညီများပံ့ပိုးပေးသွားရန် အလေးပေးဆွေးနွေးခဲ့သည်။
အသက်ဝင်မှုအပေါ် ကြိုဆို
ဆက်လက်၍ (၅) ကြိမ်မြောက် အာဆီယံဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဟောင်ကောင် (တရုတ်)၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး HE Mr. Edward Yau Tang-wah နှင့် အာဆီယံစီးပွားရေး ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်နှင့် အာဆီယံ-တောင်ကောင် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို အဖွဲ့ဝင် နိုင်ငံများ အားလုံး အသက်ဝင်မှုအပေါ်ကြိုဆိုခဲ့ကြသည်။
ထို့နောက်ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် အသစ်ထပ်မံ တိုးချဲ့ ထည့်သွင်းသည့် နယ်ပယ် (၅) ခုဖြစ်သည့် လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားရောဂါကင်းစင်စေရေး (SPS)၊ စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများ (STRACAP)၊ မူပိုင်ခွင့် (IP)၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အပေါ် အတည်ပြုခဲ့ပြီး အာဆီယံ- ဟောင်ကောင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၀-၂၀၂၁) အောက်မှ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် ဟောင်ကောင် (တရုတ်)က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သို့ ဝင်ရောက်ရန် စိတ်ဝင်စားမှုအပေါ် ဝန်ကြီးများက ကြိုဆိုခဲ့ကြသည်။
တိုးတက်မှုတို့အပေါ် ဆွေးနွေး
မွန်းလွဲပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံအိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အိန္ဒိယနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး H.E, Anupriya Patel နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အာဆီယံအိန္ဒိယ စီးပွားရေးကောင်စီမှ တင်ပြချက်များနှင့် အာဆီယံ- အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘေတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှုတို့ အပေါ် ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် မြန်မာနှင့် အိန္ဒိယအကြား နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက် အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရန် ကုန်သွယ်ရေးအရာရှိများနှင့် ပုဂ္ဂလိက ကဏ္ဍပါဝင်သည့် ပူးတွဲလုပ်ငန်းကော်မတီတစ်ခု တည်ထောင်ရန် အဆိုပြုခဲ့သည်။ ပြည်ထောင်စုဝန်ကြီး၏ အဆိုပြုချက်ကို အိန္ဒိယနိုင်ငံ စီးပွားရေးဝန်ကြီးက အသိအမှတ်ပြုကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ (၁၇) ကြိမ်မြောက် အာဆီယံအီးယူ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အီးယူကုန်သွယ်ရေး ကော်မရှင်နာ H.E. Valds Dombrowskis နှင့် အာဆီယံ စီးပွားရေးဝန်ကြီးများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခန်းကဏ္ဍနှင့် အာဆီယံနှင့် အီးယူတို့ အကြား လွတ်လပ်သော ကုန်သွယ်မှုသေ ထူထောင်ရန်အတွက်ညှိနှိုင်းလျက် ရှိသည့် မူဘောင် ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့နောက် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် ၂၀၂၀-၂၁၂၁ ကို ဝန်ကြီးများက အတည်ပြုခဲ့သည်။
ဆက်လက်၍ (၁၀) ကြိမ်မြောက် အာဆီယံရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး H.E. Vadimir Ilyichev နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက ၂၀၁၇ ခုနှစ် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်နှင့် အာဆီယံနှင့် ယူရေရှား စီးပွားရေးကော်မရှင်တို့ အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် ၂၀၂၀-၂၀၂၅၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် အသစ်ပြန်လည် ရေးဆွဲသည့် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံနှင့် ၂၀၂၁-၂၀၂၅ လုပ်ငန်းအစီအစဉ်တို့ကိုဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
အစည်းအဝေးအသီးသီးက ထုတ်ပြန်မည့်ပူးတွဲ ကြေညာချက်များကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
သတင်းစဉ်