Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သစ်တောကြိုးဝိုင်းအတွင်း ခွင့်ပြုထားသောပုဂ္ဂလိကစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဒိုးကွင်အမြဲတမ်းပျိုးဥယျာဉ်နှင့် သစ်ခွခြံသို့ ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်ဒေသ စိမ်းလန်း စိုပြည်သာယာ လှပစေရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအား စနစ်တကျ ထိန်းသိမ်း ရေး၊ ပျိုးဥယျာဉ်များတွင် ချယ်ရီနှင့် ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ စနစ်တကျ ပြုစု ပျိုးထောင်သွားရန်၊ လာမည့်မိုးရာသီတွင် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ  စိုက်ပျိုးခြင်း၊ သဘာဝတောအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်နှင့် ပျိုးဥယျာဉ်အတွင်း ဝင်ဆံ့နိုင်သည့် ပျိုးပင် ၂ သိန်း ပြည့်မှီအောင် ပျိုးထောင်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၃၊ ၁၄၊ ၂၃၊ ၂၄ အတွင်းရှိ ၁/၁၉၈၅ စီးပွားရေး ထင်းရှူးစိုက်ခင်း ဧက ၅၀၀ သို့ သွားရောက်၍ စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် စိုက်ခင်းအတွင်း ကော်ဖီ ၅ ဧကနှင့် ဝဥ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မေမြို့ထင်းကြိုး ဝိုင်းသည် ပြင်ဦးလွင်မြို့နှင့် နီးကပ်နေသည့်အပြင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များ ၏ ရေဝေရေလဲဧရိယာတွင် ပါဝင်နေသည့်အတွက် သစ်တောသစ်ပင်များ ထိန်းသိမ်း ကာကွယ်ရေးကို သစ်တောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန်၊ ခွင့်ပြုပေးထား သော ပုဂ္ဂလိကသစ်တောစိုက်ခင်း၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော် ဝင်ရောက်မှု မရှိစေရေး အထူးအလေးပေး စစ်ဆေးကြပ်မတ်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်