သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Mekong Institute တို့ပူးပေါင်းကျင်းပ သည့် “National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် zoom meeting platform အသုံးပြု၍ Online စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အမှာစကားပြောကြားပြီး စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေး သင်တန်းကျောင်း (SITE) ၏ ကျောင်းအုပ်ကြီး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် Mandalay Technology Co.Ltd မန်နေဂျင်းဒါရိုက်တာတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများက သိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ နည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ ကျောင်းများရှိရာ ဒေသတွင်းမှ စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်တာဝန်ခံများ၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောသူများ တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကျောင်းနှင့် လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာစေရန်၊ မတူကွဲပြား သည့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးအတွက် လိုအပ်လာမည့် ကျွမ်းကျင်မှုများနှင့် ကျောင်းများမှ ပေးအပ်လျက်ရှိသည့် Skills၊ Knowledge နှင့် Attitudes များအကြား ကွာဟချက် အနည်းဆုံးနှင့် ကိုက်ညီမှုရှိလာစေရန်၊ ကျောင်းနှင့် စက်မှုလုပ်ငန်းများအကြား ချိတ်ဆက်မှု အားကောင်းပြီး သင်ရိုး ညွှန်းတမ်းများ အဆင်မြှင့်တင်ခြင်း၊ Resources များ မျှဝေ သုံးစွဲ၍ နည်းပညာများ အပြန်အလှန် ဖလှယ်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးဆောင်ရွက်နိုင်ခြင်းနှင့် TVET ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ လုပ်ငန်းခွင် နယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး အရည်အသွေးရှိသည့် TVET Technicians နှင့် Skills Workforce များ ရရှိစေနိုင်ခြင်းတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်