နေပြည်တော် စက်တင်ဘာ ၁၄
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာများနှင့် သွင်းအားစုများကို သက်ဆိုင်သူများ လက်ဝယ်အရောက် ပံ့ပိုးကူညီခြင်း၊ မွေးမြူရေး လုပ်ငန်း ဆိုင်ရာ သုတေသနလုပ်ငန်းများ ထူထောင်ခြင်းနှင့် အားပေးခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း စက်တင်ဘာလ (၁၄) ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် မွေးမြူရေးနှင့်ရေလုပ်ငန်း စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးတွင် မွေးမြူရေးနှင့်ရေလုပ်ငန်း စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေးချေးငွေရရှိရေး၊ မွေးမြူရေး မြေနေရာကို ဥပဒေနှင့်အညီ အသုံးပြုခွင့် ရရှိရေး၊ မွေးမြူရေးလုပ်ငန်းစဉ် ကွင်းဆက်တလျှောက်တွင် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြစိမ်းရောင်ကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မွေးမြူရေး ပညာရှင်များ မွေးထုတ်ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မွေးမြူရေးနှင့်ရေလုပ်ငန်း စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်ဘက် နိုင်ငံများထံမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက်မပြတ်ရရှိရေးကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်အမျိုး အစားအလိုက် ဖွဲ့စည်းဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ မွေးမြူရေးခြံများနှင့် မွေးမြူရေးကန်များတွင် သဘာဝ ဘေးအန္တရာယ်များ၊ ရောဂါကျရောက်မှုများနှင့် အခြားသော အကြောင်းများကြောင့် တိရစ္ဆာန်များမွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်များ ထိခိုက်ပျက်စီးမှု ကြုံတွေ့ရသည့် လုပ်ကွက်ငယ် တောင်သူလယ်သမားအား အထူးဦးစားပေး ကူညီထောက်ပံ့ခြင်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မွေးမြူရေးနှင့်ရေလုပ်ငန်းသုံး ပစ္စည်းများနှင့် အခြားဓါတုဆေးတစ်မျိုးမျိုး၏ အာမခံ စံချိန်စံညွှန်းချို့ယွင်းမှု၊ မကိုက်ညီမှုကြောင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်အရင်းအနှီးများ နစ်နာဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေး အရေးယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း သို့မဟုတ် ကပ်ဘေးရောဂါ တစ်ခုခုကျရောက်ခြင်းကြောင့် အများပြည်သူကျန်းမာရေးအလို့ငှာ ဥပဒေနှင့်အညီ သက်ဆိုင်ရာက ဖျက်ဆီးခြင်း၊ သုတ်သင်ခြင်းခံရသော မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူလယ်သမားများအား လိုအပ်သောအကူအညီများနှင့် ထိုက်သင့်သော အထောက်အပံ့များရရှိစေရန် ဦးဆောင်ကော်မတီသို့တင်ပြ၍ စီစဉ်ဆောင်ရွက်ခြင်းတို့ကို ကော်မတီ၏ လုပ်ငန်း တာဝန်များအဖြစ် ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)