Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့် ပြုပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် မြဝတီကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၁) ခုမှ ယာဉ်စီးရေ (၂၄) စီးဖြင့် အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီး (၃၉) တန်၊ အောက်ဆီဂျင် (အိုးခွံ) အခု(၂၇၉၀) ၊ Oxygen Plant (၆၈) ခု၊ အိမ်သုံး Oxygen Concentrator (၃၁၈) ခု၊ Tesk Kit အခု(၅၀၂၄၀)၊ PPE ဝတ်စုံ (၇၃၀၀)၊ လက်အိပ် (၂၉) တန် နှင့် နှာခေါင်းစည်း (Mask) (၆၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီးမှာ ရန်ကုန် မြို့သို့ဖြစ်ပြီး၊  Oxygen Plant (၆၈) ခုမှာ ရန်ကုန် မြို့သို့ (၆၄)ခု၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့နှင့် မိုးကောင်းမြို့တို့ သို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များနှင့် အကူအညီလိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။

(သတင်းစဉ်)