Skip to main content

ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ဘူးလယ်အင်းကျေးရွာအနီး ဧရာဝတီဘဏ်မှ ငွေသယ်ဆောင်လာသည့် ကား ၂ စီးအား ဓားပြတိုက်သည့် ဖြစ်စဉ်မှ တရားခံများထပ်မံ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၄

ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူးလယ်အင်း ကျေးရွာအနီး ကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့တို့က လုယက်သွားမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းမှုဖြင့် တရားခံများအား ၉ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုဖြစ်စဉ်တွင် ပြန်လည်သိမ်းဆည်းရမိသည့် ငွေစက္ကူများအား စစ်ဆေးရေး ဘုတ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၃၈၈၅၀ ကျပ် ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မီးရထားအိမ်ယာဝန်း အတွင်း နေအိမ်တစ်လုံးအတွင်း၌ ဆက်စပ်တရားခံများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် ယနေ့မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ ဟန်ဇော်ဝင်း (ခ) ကုလားကြီး (ဘ) ဦးမောင်မောင်စန်း၊ ချစ်လင်းဇော် (ခ) ဘောလုံး (ဘ) ဦးသိန်းဇော်၊ အောင်ကျော် (ဘ) ဦးသက်ဦးနိုင်နှင့် စည်သူဖြိုး (ဘ) ဦးသန်းဌေး တို့အား ငွေကျပ် (၁၀) သိန်း ၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မွန်းလွဲ  ၂ နာရီခွဲတွင် ပဲခူးမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေး၊ ဇိုင်းတောင်ရပ်ကွက် “ကောင်းကြိုက်ဒန်ပေါက်ဆိုင်ရှေ့တွင် ဆက်စပ် တရားခံ ရန်နိုင် (ဘ) ဦးစိုးရွှေ အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိခဲ့သည့် တရားခံများ၏ ထွက်ဆိုချက်အရ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ သီလရှင်ကျောင်းတိုက်တွင် လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်ရရှိသဖြင့် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ထပ်မံစစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဆွမ်းစားဆောင်အတွင်း လျှို့ဝှက်သိမ်းဆည်းထားသည့် Remington Model 700 အမျိုးအစား ပြောင်းချော သေနတ် (၁) လက်နှင့် ငွေကျပ် (၅၅၀) သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဘဏ်ငွေဓားပြတိုက်မှုဖြစ်စဉ်တွင် စက်တင်ဘာ ၁၃ ရက်နေ့ ည ဖမ်းဆီးရမိတရားခံများ အပါအဝင် တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၂ ဦး၊ M-79 ဗုံးပစ်လောင်ချာ (၁) လက်၊ AK-47 သေနတ်(၂)လက်၊ ၎င်းကျည်အိမ် (၄)ခု၊ ၎င်းကျည် (၂၂၀)တောင့်၊ MK-12 သေနတ်(၆)လက်၊ ၎င်းကျည်အိမ်မျိုးစုံ(၁၂)ခု၊ Remington model 700 အမျိုးအစား ပြောင်းချောသေနတ် (၁)လက်၊ လက်ပစ်ဗုံး (၁)လုံး၊  အခြားဆက်စပ် ပစ္စည်းများနှင့် ဓားပြ တိုက်ရာတွင် ယူဆောင်သွားခဲ့သောငွေများမှ စုစုပေါင်း ငွေကျပ်သိန်း ၃၉၄၁၀ ကျပ်အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိတရားခံများအား တရားဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ နှင့် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။