နေပြည်တော်၊ စက်တင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်- ၁၉ ကာကွယ်ဆေး (၄)သန်း(5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ (၈)သိန်း တင်ဆောင်လာသော Air China A332 လေယာဉ်သည် တရုတ်နိုင်ငံ ပေဂျင်းမြို့မှ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သိူ့ရောက်ရှိလာကြောင်းသိရသည်။
အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ရောက်ရှိလာရာ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှုးချုပ်ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လက်ခံခဲ့ကြောင်းသိရသည်။
ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှမှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၄)သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ(၈)သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16218 ရောက်ရှိ လာခြင်းဖြစ်သည်။အဆိုပါ Sinopharm ဆေးသည် ဆေးတစ်ပုလင်းလျင် လူဦးရေ (၅)ဦးထိုးနိုင်ကြောင်းသိရသည်။
ရန်ကုန်မြို့သို့ရောက်လာသောဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုဆေးသိုလှောင်ခန်း( အအေးခန်း) တွင်ထားရှိ မည်ဖြစ်သည်။အဆိုပါဆေး များကိုတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသက် ၅၅ နှစ် မှ ၆၀ နှစ်အသက် ၆၀ နှစ် မှ ၆၅ နှစ်အထိ တိုင်းရင်းသားအဖွဲ့အစည်းများ(EAOs)၊ မသန်စွမ်းသူများနှင့် ဒုတိယအကြိမ်ဆေးမထိုးရသေးသော သူများပါဝင် သည့် ဆေးထိုးအုပ်စုများကို ဦးစားပေးထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၁ ရက်အထိ လူဦးရေ စုစုပေါင်း (၄,၉၄၄,၆၅၄) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၃,၂၃၉,၇၆၄)ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၁,၇၀၄,၈၉၀)ဦးရှိပြီဖြစ်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း (၈,၁၈၄,၄၁၈)ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။