Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၁၁

 

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်ရှိ အသောကာရုံရွှေကျင်စာသင်တိုက်၊ ဒလမြို့နယ်၊ ကာမာကဆစ်ရှိ အလယ်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်း(၅၀)ကျောင်းတို့မှ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိရတနာပရိယတ္တိ သီလရှင်စာသင်တိုက်ရှိ သာသနာနွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်