နေပြည်တော် စက်တင်ဘာ ၁၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ တက္ကသိုလ်လမ်းတွင် မခေါန်မိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း။
စက်တင်ဘာ ၈ ရက် ည ၈ နာရီခွဲတွင် ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဘားအံ-ထုံးအိုင်သွားကားလမ်းတွင် လင်းဇော်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၉ နာရီခွဲတွင် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရန်ကြီးအောင်လမ်းနေ ဖြိုးထက်ဦး(ခ)ငဖြိုး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆,၀၀၀ ကိုလည်းကောင်း။
စက်တင်ဘာ ၉ ရက် ည ၇ နာရီ ၅၅ မိနစ်တွင် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ တည်းခိုခန်းရှေ့တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဇော်မြင့်(ခ)ကုလားပု နှင့် ရဲနိုင်စိုး(ခ)ကုလား တို့အားတွေ့ရှိရပြီး ယာဉ်နောက်ခန်းရှိ ဆောင်းဘောက် အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၈,၅၈၀ ကိုလည်းကောင်း။
ယင်းနေ့ ၈ နာရီ ၄၅ မိနစ်တွင် ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရပ်စောက်-ရွှေညောင်သွားကားလမ်း၊ မိုင်းသော်(အရှေ့)ကျေးရွာအုပ်စု၊ ဟက်ကယ်ကျေးရွာအနီးတွင် အောင်သိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၈၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)